မကွေး ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မိုးစပါးအထွက်တိုး စံပြကွက် စိုက်ပျိုးနေမှုနှင့် ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဗိဿနိုးပြတိုက်အား ကြည့်ရှုခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ဝါးခြမ်းကာကျေးရွာရှိ တောင်သူ ဦးသန့်ဇင်ဦး၊ ကွင်းအမှတ် ၁၉၉၉-က၊ ဦးပိုင်အမှတ်(၃)၊ စိုက်ဧက (၁) ဧက၊ စိုက်စနစ် ၈ ၆ ၊ စပါးမျိုး ဆင်းသုခ စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးယဉ်ထွန်းက တောင်တွင်းကြီးမြို့နယ်အတွင်း စုစုပေါင်း မြေဧက ၄၈၆၄၀၃ ဧကရှိရာ အသားတင် စိုက်ပျိုးမြေဧရိယာ ၂၀၅၉၁၈ ဧကရှိပြီး၊ လယ်မြေ ၉၁၃၄၂ ဧက၊ ယာမြေ ၉၇၂၃၇ ဧကနှင့် အခြားမြေ ၁၇၃၃၉ ဧကရှိကြောင်း၊ ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် နှံစားသီးနှံ ၁၁၉၆၇၄ ဧက၊ ပဲမျိုးစုံ ၅၈၆၆၆ ဧက၊ ဆီထွက်သီးနှံ ၁၄၆၆၃၆ ဧက၊ စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧရိယာ ၁၀၅၂၂ ဧက၊ ကြံ ၈၅၃၀ ဧက၊ စားဖိုဆောင် သီးနှံ ၄၆၁၇ ဧက၊ အခြားသီးနှံစိုက် ဧက ၆၅၇၈၉ ဧကရှိပြီး စုစုပေါင်း ၄၁၄၄၃၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၆- ၂၀၂၇ ခုနှစ်တွင် နှံစားသီးနှံ ၁၁၉၆၇၂ ဧက၊ ပဲမျိုးစုံ ၅၇၆၀၈ ဧက၊ ဆီထွက်သီးနှံ ၁၄၆၅၃၉ ဧက၊ စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧရိယာ ၁၀၅၂၂ ဧက၊ ကြံ ၈၀၉၂ ဧက၊ စားဖိုဆောင်သီးနှံ ၄၆၁၇ ဧက၊ အခြားသီးနှံစိုက်ဧက ၆၅၇၈၉ ဧကရှိပြီး စုစုပေါင်း ၄၁၃၈၃၉ ဧက လျာထားလျက်ရှိကြောင်း၊ နှံစားသီးနှံ ၂၃၄၆၁ ဧက၊ ပဲမျိုးစုံ ၁၅၀၉၄ ဧက၊ ဆီထွက်သီးနှံ ၁၃၁၉၄၀ ဧက၊ ၊ စားဖိုဆောင်သီးနှံ ၁၆၈၄ ဧက၊ အခြားသီးနှံစိုက် ၂၁၈၆၇ ဧကရှိပြီး စုစုပေါင်း ၁၉၄၀၄၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့် သီးနှံများကိုလည်း လျာထား ဧက ပြည့်မှီရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ရောက်ရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းအတွင်းတွင် ဗိဿနိုး ရှေးဟောင်းသုတေသနပြတိုက်အဖြစ် ပြသပစ္စည်းပေါင်း ၄၉၇ ခုပြသထားသည့် ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ပြကွက်များ၊ ကျောက်ဖြစ်ရုပ်ကြွင်းပြကွက်များ၊ ဓလေ့ရိုးရာ နေအိမ်ပုံစံ ငယ်များ၊ ဗိဿနိုးမြို့ဟောင်းမှ တူးဖော်ရရှိသည့် စာပေဆိုင်ရာ အထောက်အထားများ၊ ပျူစာပေ အရေးအသားများ၊ ပျူခေတ်အုတ်များ၊ ပျူဒင်္ဂါးများ၊ ပျူပုတီးစေ့များနှင့် ရှေးဦးခေတ် ပျူလူမျိုးများ၏ ပန်းထိမ်လုပ်ငန်း၊ ပန်းရန်လုပ်ငန်း၊ ဗိသုကာ၊ လက်သမား၊ ကျောက်ဆစ်လုပ်ငန်း၊ ပုတီး လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ အုတ်လုပ်ငန်းများစသည့် မြန်မာလူမျိုးများ၏ ပန်း ၁၀ မျိုးအတတ် ပညာကို လေ့လာကြည့်ရှု့ခဲ့သည်။
တိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ရွာသာ ကျေးရွာအနီးရှိ ရွာသာမြေသားကန်သို့ သွားရောက်၍ မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ဖြင့် ပြုပြင်ဆောင်ရွက်ပေးခဲ့သည့် ရွာသာမြေသားကန်အား ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံကျေးရွာ တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြုပြင်ခြင်း လုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် မြေသားကန်၏ အချက်အလက်များအား ကျေးရွာဆည်ကော်မတီထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး၊ ရွာသာမြေသားကန်မှ စိုက်ပျိုးရေပေးဝေခြင်းနှင့် ထိန်းသိမ်းမှု ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ နည်းပညာဆိုင်ရာ ပံ့ပိုးမှုများ ကူညီဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ကျေးရွာဆည်ကော်မတီမှ စိုက်ပျိုးရေ ပေးဝေခြင်းနှင့် ကန်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်း များအား ဆက်လက်ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည့် ပံ့ပိုးမှု များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ရွာသာ မြေသားကန်သည် ဌာနမှ ထိန်းသိမ်းထားသော ကန်မဟုတ်သည့်အပြင် ကျေးရွာမှ ထိန်းသိမ်းထားပြီး ဆည်ငယ်၊ ကန်ငယ်စာရင်းတွင် ပါဝင်သော ကျေးရွာကန်ဖြစ်ပြီး၊ ယခုအခါ ဌာနမှ မြေသားကန်အား ပြုပြင်ပြီးစီးပြီဖြစ်၍ ရွာသာမြေသားကန်တွင် စိုက်ပျိုးရေလုံလောက်စွာ သိုလှောင် နိုင်ပါက စိုက်ပျိုးမြေဧရိယာ(၇၃၅)ဧကအတွက် မိုးစပါးစိုက်ပျိုးရေ ပြည့်ဝစွာပေးဝေနိုင်မည်ဖြစ်ပြီး၊ ရွာသာကျေးရွာနေ အိမ်ထောင်စု(၁၈၃)အိမ်ရှိ လူဦးရေ (၇၉၆)ယောက်အတွက် သောက်သုံးရေ ပြည့်ဝဖူလုံစေမည်ဖြစ်ကြောင်း သိရသည်။







