မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ငဖဲမြို့နယ်(၆၆/၁၁‌)ကေဗွီ(၅)အမ်ဗွီအေ ပဒါန်း ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ငဖဲမြို့နယ်(၆၆/၁၁‌)ကေဗွီ(၅)အမ်ဗွီအေ ပဒါန်း ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး     ဇူလိုင်      ၂၂

          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာရှိ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ပဒါန်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုက ၆၆/၁၁ ကေဗွီ(၅)အမ်ဗွီအေ ပဒါန်းဓာတ်အားခွဲရုံအား Circuit Breaker အား နှိပ်၍ စတင်မီးလွှတ်ပေးပြီး၊ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ခဲ့သည့် ဘင်ခရာအဖွဲ့၊ ကပြဖျော်ဖြေခဲ့သည့် အကအဖွဲ့များအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးခဲ့သည်။

          ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ဦးတင်ကိုကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မကွေးတိုင်းအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမို ထုတ်လုပ်ရရှိရေး၊ အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု တိုးတက်မြင့်မားရေး၊ ကျေးရွာများ လျှပ်စစ် ဓာတ်အား ရရှိရေးတို့အတွက် နှစ်အလိုက် ရန်ပုံငွေများ လျာထားခွင့်ပြုပေး လျက်ရှိသည့် အပြင် လိုအပ်တဲ့ အကူအညီများကိုလည်း ပံ့ပိုးပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ် လိုက်တဲ့( ၆၆/၁၁ )ကေဗွီ၊(၅)အမ်ဗွီအေ ပဒါန်းဓာတ်အားခွဲရုံနဲ့ (၆၆)ကေဗွီ Double Circuit ဓာတ်အားလိုင်း (ဝ.၃၈)မိုင်၊ ဓာတ်အားခွဲရုံမှအထွက် (၁၁) ကေဗွီ ဓာတ်အားလိုင်း (၉.၃)မိုင် တည်ဆောက်ခြင်းတို့ကို ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးတို့မှ စုစုပေါင်းငွေကျပ် (၂.၂၃၉)ဘီလီယံ ကျော် အကုန်အကျခံပြီး တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပဒါန်းဓာတ်အားခွဲရုံ တည်ဆောက် ပေးခြင်းအားဖြင့် ငဖဲ၊ ပဒါန်း၊ ရွှေစက်တော်၊ ဆင်စခန်းနှင့် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ(၄၇)ရွာ အိမ်ထောင်စု(၇၉၄၆)စု အပါအဝင် ဆေးရုံများ၊ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများမှာ လျှပ်စစ် ဗို့အားများ ပြည့်ဝစွာဖြင့် အသုံးပြုနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေး အတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိစေမှာဖြစ်ပြီး၊ လက်ရှိမှာ ငဖဲ့မြို့နယ်အတွင်း ပဒါန်းဓာတ်အား ခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး လွှမ်းခြုံမှု အနေဖြင့် တစ်မြို့နယ်လုံး၏ (၆၀%) ရှိနေပြီဖြစ် ကြောင်း၊  ဆက်လက်ပြီးတော့ လျှပ်စစ် မီးလင်းရန် ကျန်ရှိနေတဲ့ ကျေးရွာများမှာ လျှပ်စစ်မီးများ ရရှိသုံးစွဲနိုင်တော့မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မကွေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာသုံးစွဲနိုင်ရေး လိုအပ်တဲ့ဓာတ်အား လိုင်းတွေ၊ ဓာတ်အား ခွဲရုံတွေကို တိုးချဲ့ တည်ဆောက်နိုင်ဖို့ နှစ်စဉ် ရန်ပုံငွေခွင့်ပြုပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက် လျက်ရှိသလို ပြည်သူများအနေနဲ့ လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲခြင်း၊ လိုအပ်သလောက် ကိုသာချွေတာသုံးစွဲခြင်း၊ မိမိတို့ ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ်ရက်များအတိုင်း အချိန်မီ ပေးသွင်းကြခြင်းဖြင့် နိုင်ငံတော်အတွင်း ဓာတ်အားများ ပိုမိုထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်မီး မရရှိသေးတဲ့ ဒေသများမှပြည်သူများ လျှပ်စစ်ဓာတ်အားများ သုံးစွဲနိုင်ရေးတို့ကို နားလည်သဘောပေါက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ လိုပါကြောင်း၊ ယခုအခါ ၆၆/၁၁ကေဗွီ (၅) အမ်ဗွီ‌အေ ပဒါန်း ဓာတ်အားခွဲရုံ ဖွင့်လှစ်ပေးနိုင်သည့်အတွက် ပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးလျွှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွှန့်အောင်က ၆၆/၁၁ကေဗွီ(၁၀)အမ်ဗွီအေ ပဒါန်းဓာတ်အားခွဲရုံလုပ်ငန်း‌ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ဒေသခံ ရပ်မိ၊ ရပ်ဖ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း