မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား တက်ရောက်

မကွေး   ဇူလိုင်  ၂၃

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုးနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
            ပထမဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းဆိုတာအစိုးရရဲ့ မူဝါဒများကို အကောင်အထည်ဖော်ရာမှာ အဓိကအရေးပါ သူများဖြစ်သလို နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာမှာ အရေးပါတဲ့ ပေါင်းကူးတံတားသဖွယ်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာမှာ ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု / တာဝန်ခံမှုရှိရန်၊ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အဂတိ ကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများရဲ့ပုံရိပ် ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ ဒါကြောင့် တိုင်းဒေသကြီးမှာ ကျင်းပတဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များအနေနဲ့ကလည်း ယခုအခမ်းအနားမှရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းတဲ့ အသိအမြင် ဗဟုသုတများကို မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည် မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ မိမိကစပြီး အဂတိ လိုက်စားမှုကို ငြင်းဆိုဖို့ တိုက်တွန်းလိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit -CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး (CPU)ရဲ့ လုပ်ငန်း တာဝန်များကိုထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုနှင့် တည်ငြိမ် အေးချမ်းမှုကို အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တွန်းလှန်တိုက်ဖျက်ရန် လိုအပ်ပါကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး အရေး ယူခြင်းဆိုသည့် နည်းလမ်း သုံးသွယ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများသည် တစ်ဦးကောင်း၊ တစ်ယောက် ကောင်းနှင့် ဆောင်ရွက်၍ရသည့် ကိစ္စမျိုးမဟုတ်ဘဲ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာရှိသည့် တစ်ဦး တစ်ယောက်ခြင်းစီက စပြီး အဖွဲ့အစည်းများ အထိပါ ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိ လိုက်စားမှု ပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း
  တိုက်တွန်း ပြောကြား သည်။
            ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန်း ရတနာထွန်း က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိ သူများက ပြန်လည်ဖြေကြားခဲ့သည်။

            ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီး ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာ ချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း