မကွေး စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်(မကွေး)The 7th ICT Project Competition & Show, 2026 အခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ်(မကွေး)၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်(မကွေး)မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ The 7th ICT Project Competition & Show, 2026” အတွက် ဆောင်ရွက်ချက် မှတ်တမ်း Video Clip ပြသခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာ စကားပြော ကြားရာတွင် ကွန်ပျူတာတက္ကသိုလ်(မကွေး)ကို ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ယနေ့အထိ (၂၆)နှစ်တာကာလအတွင်း နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍများတွင် တက်ကြွစွာ တာဝန်ထမ်းဆောင် ခဲ့ကြသော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ အားလုံးကို ချီးကျူး ဂုဏ်ပြုအပ်ပါကြောင်း၊ ICT ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ICT Project Competi tion &Show ပြိုင်ပွဲတွေကို ၂၀၁၈ ခုနှစ်ကနေ နှစ်စဉ်ကျင်းပြုလုပ်ခဲ့တာဖြစ်ပြီး၊ ယခုနှစ်ဟာ ဆိုရင် (၇)ကြိမ်မြောက် ဖြစ်တယ်လို့ သိရကြောင်း၊ ယနေ့ခေတ် ဒီဂျစ်တယ်နည်းပညာ ကဏ္ဍဟာ နိုင်ငံဖွံဖြိုး တိုးတက်ဖို့ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ Data Processing, Automation,
E-Learning, E-commerce, Cloud Computing, Al, loT စတာတွေက ICT ကဏ္ဍရဲ့ တိုးတက်မှုကို မြန်ဆန်စွာမြှင့်တင်ပေးနေကြောင်း၊ ဒီလိုနည်းပညာ တိုးတက်လာတာနှင့် အမျှ ကျောင်းသား၊ ကျောင်းသူများ အတွက် Project Competition & Show များ ကျင်းပတာဟာလည်း အကျိုးကျေးဇူးများစွာ ရရှိစေမှာဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲ လာသည့် ဒီဂျစ်တယ် နည်းပညာများကြောင့် လူမှုစီးပွားဘဝများအပေါ်များစွာ အကျိုးသက်ရောက် မှုရှိလာတဲ့အတွက် ICT ကဏ္ဍများမှာ နည်းပညာနှင့်ကျွမ်းကျင်မှု လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုလိုအပ်လာမှာဖြစ်ပါကြောင်း၊ ICT နည်းပညာရဲ့ အရေးကြီးမှုအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ ICT နည်းပညာကဏ္ဍတွေမှာ ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပါဝင်စွမ်းဆောင်နိုင်မှုများနှင့် အကျိုးရလဒ်များ ဒီဂျစ်တယ် နည်းပညာနှင့် ပတ်သက် ပြီး လုံခြုံစိတ်ချရတဲ့ လူမှုကွန်ယက်ကောင်းတစ်ခု ဖန်တီးနိုင်ရေး အတွက် ကြိုးစားဆောင်ရွက် သွားကြဖို့ အကြံပြုတိုက်တွန်းလိုပါကြောင်း၊ Project Competition &Show များ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း Teamwork, Collaboration စွမ်းရည်များ ပိုမိုကောင်းမွန် လာနိုင်သလို ယှဉ်ပြိုင်လိုစိတ်၊ အောင်မြင်ချင်စိတ်၊ Motivation တို့ကို ပိုမိုမြှင့်တင်ပေးရာ ရောက်ပါ ကြောင်း၊The 7th ICT Project Competition & Show, 2026” ပွဲဟာ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် စာတွေ့သာမက လက်တွေ့ဆောင်ရွက် မှုပါပြသတဲ့ ပွဲဖြစ်တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဒီဂျစ်တယ်စနစ်အသုံးချခြင်းဖြင့် ICT နည်းပညာကဏ္ဍ တိုးတက်မှုသည် နာရီတိုင်း၊ မိနစ်တိုင်း တိုးတက်မှုရှိနေပြီး Project Show ပွဲများ ကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် နည်းပညာ၊ အတွေးအခေါ်၊ တင်ပြမှု၊ အသင်းအဖွဲ့အလိုက် စွမ်းဆောင်မှုတို့ကို ဖော်ပြတဲ့ပွဲလေးဖြစ်တဲ့အတွက် နှစ်စဉ်ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစား ဆောင်ရွက်မှုတွေကို ထုတ်ဖော်ပြသ ကျင်းပပေးဖို့လဲ လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး)ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်း က (၇)ကြိမ်မြောက် သတင်းအချက်အလက်နှင့် နည်းပညာ ပရောဂျက်ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပြီး၊ The 7th ICT Project Competition & Show, 2026” ပြပွဲ၊ ပြိုင်ပွဲ ဖြစ်မြောက် ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က ပံ့ပိုးချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည် တော်များက ကွန်ပျူတာတက္ကသိုလ်(မကွေး) ပြိုင်ပွဲဝင် Project များကို လှည့်လည် အားပေး ကြည့်ရှု ခဲ့ကြသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး) The 7th ICT Project Competition & Show, 2026” အခမ်းအနား ဒုတိယပိုင်းကျင်းပရာ အမှတ်ပေးစည်းမျဉ်းများ ဖတ်ကြားခြင်း၊ ပြိုင်ပွဲများ ကျင်းပကာ အကဲဖြတ်အမှတ်ပေးခြင်း၊ ပြိုင်ပွဲဝင်အသင်းများ ရရှိထားသော မဲလက်မှတ်များ ရေတွက် ခြင်း၊ ဂုဏ်ပြုကတ်များပေးအပ်ခြင်းနှင့် ဆုရရှိသည့် အသင်းများကို ဆုများအသီးသီးချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မကွေးမြို့ တွင်း ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ခေတ်မီမြို့ပြစနစ်ဖြစ်ပေါ် လာစေရေးအတွက် ရန်ကုန်- ပြည်- မန္တလေးကားလမ်း မကွေးမြို့တွင်းပိုင်း မိုင်တိုင်အမှတ် ၃၂၇ / ၃၂၈ အတွင်း မူလ၂၄ ပေ အကျယ် ကတ္တရာလမ်းအား ၃၆ ပေ အကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။







