မကွေး စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းလှမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဒု_ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦး အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဒု_ဥက္ကဌ ဦးခင်မောင်ညို၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဒေါ်နွယ်နီနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့သည် ကိုယ်လုံပညာ သရုပ်ပြ သမှု၊ ဝါးညှပ်အက သရုပ်ဖော်ကပြမှု၊ ဂိမ်းကစားပြိုင်ပွဲများ၊ ကျောင်းစာကြည့်တိုက်၊ စာအုပ်အရောင်း ဆိုင်နှင့် ဌာနဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများ အားအာဟာရ ဖြည့်အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ လေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားရာတွင် မိမိတို့ နိုင်ငံအနေဖြင့် ပညာနှင့် ပတ်သက်ပြီး လိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟုသု တပြည့်စုံကြွယ်ဝ ရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် အားထားရမည့် သားကောင်းရတနာများ အနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငယ်စဉ်ကပင် စာအုပ်/ စာပေကောင်းတွေကို ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း စာအုပ်/စာပေ ဆိုသည့်မှာ မည်မျှ နှစ်ကာလ ကြာမြင့်သည်ဖြစ်စေ မဖတ်ရှုသေးပါက အသစ်ပင်ဖြစ်၍ မိမိအတွက် အသိပညာ ဗဟုသုတ များပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ဖတ်ရှုမှတ်သားခဲ့သည့် အသိဉာဏ်ပညာဗဟုသုတများကို အချင်းချင်း လက်ဆင့်ကမ်းမျှဝေကြမည်ဆိုပါက ကောင်းမွန်သည့် လူ့ဘောင်အသိုက်အဝန်းကို ထူထောင်နိုင်မည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အတွက် ငွေကျပ်(၅၅)သိန်းကို ပေးအပ်ရာ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက လက်ခံရယူပြီး၊ ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ် စာစောင်များကို ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်လှူဒါန်းကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင် ကိုကိုနှင့် တာဝန်ရှိသူများက ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အမြဲမပြတ်လေ့လာ သင်ယူရေး စကားဝိုင်း(Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးကြသူများကို ဆုများ အသီသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး တယောအဖွဲ့မှ မြန်မာကျောင်းသီချင်း၊ Magway Violin Group သီချင်းများဖြင့်လည်းကောင်း၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “ပုဂံအက အလှပဒေသာ” ၊ “ထာဝရသစ္စာ”၊ “အလှကမ္ဘာမြေ”၊ “ဇာတိမာန်” တေးသီးချင်းများဖြင့် လည်းကောင်း သီဆိုဖျော်ဖြေပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ တော်တွင် ကာယစွမ်းရည်ပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအပြင် စာအုပ်၊ စာပေဖတ်ရှုခြင်းမှ ရရှိ သည့် အကျိုးကျေးဇူးများအကြောင်းကို ဖော်ကျူးသည့် စာရေးဆရာ အောင်သင်း ရေးသားခဲ့သော “လူငယ်ရဲ့ဘဝနှင့် တန်ဖိုး” စာအုပ်အပေါ် ကျောင်းသား/ကျောင်းသူများ ကအမြဲမပြတ် လေ့လာသင် ယူရေး Talk Show အစီအစဉ်ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များ ပါဝင်ပြသခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ အင်းအား ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။








