မကွေး စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တာဝန်ရှိသူ များလိုက်ပါကာ ယနေ့နံနက်ပိုင်းက မကွေးမြို့ နတ်မောက်လမ်းရှိ တမာပိုးသပ်ဆေးစက်ရုံသို့ သွားရောက်၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၆)သို့ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တမာပိုးသပ်ဆေးစက်ရုံသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်း က တမာပိုးသပ်ဆေးစက်ရုံ (မကွေး)အား BOT စနစ်ဖြင့် Myanma Pesticides Industry Co.,Ltd မှ ငှားရမ်း၍ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် Myanma Pesticides Industry Co.,Ltd တာဝန်ရှိသူက လက်ရှိ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက လယ်ယာကဏ္ဍကို အခြေခံသည့် နိုင်ငံဖြစ်သည်နှင့် အညီ စိုက်ပျိုးရေးအတွက် အရေးကြီးသောသွင်းအားစုများ ပြည်ပမှီခိုမှုကို လျှော့ချ၍ ပြည်တွင်း၌ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ လူနှင့် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသော ဓာတု ပိုးသပ်ဆေးများနေရာတွင် သဘာဝတမာပိုးသပ်ဆေးကို ဖြစ်နိုင်သမျှ အစားထိုးသုံးစွဲသွားရေး၊ တမာပိုး သပ်ဆေးထုတ်လုပ်ခြင်းနှင့် တမာအခြေခံ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရေး လုပ်ငန်းများ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တမာပိုးသပ်ဆေး ထုတ်လုပ်သည့် အဆင့်ဆင့်လုပ်ငန်းစဉ်များ၊ စက်ပစ္စည်းများလည်ပတ်နေမှု၊ ကုန်ကြမ်းသိုလှောင်ထားရှိမှုနှင့် ဆေးဝါး ထုတ်လုပ် စိစစ်သည့် အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်တွင်း ထုတ်ကုန်များကို ပြည်ပသို့ တင်ပိုရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရှာဖွေ ပေးနိုင်ရေးနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးကာ လူနေမှုဘဝ တိုးတက် မြင့်မားလာစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး၊ စက်ရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများသည် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆)သို့ တက်ရောက်ခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဦးစားပေး တာဝန်တစ်ရပ်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်၊ ဌာနဆိုင်ရာ များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ မကွေးတိုင်းဒေသကြီး အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်များဖြင့် အမှိုက်များ သိမ်းဆည်း ဆောင်ရွက်လျက်ရှိပြီး မြို့များသန့်ရှင်းသာယာလှပရေးနှင့် မြို့ပြများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မကွေးမြို့အား မြို့အင်္ဂါရပ်နှင့် အညီ စိမ်းလန်းစိုပြေရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ အများပြည်သူများ အပန်းဖြေနေရာ များဖြစ်သော ကန်သာကန်နှင့် မကွေးမြို့၊ ကမ်းနားလမ်း ViewPoint တို့အား ပြင်ဆင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြားချက်အရ မကွေးတိုင်းဒေသကြီးတွင် တစ်ဧက အထွက်နှုန်း ကောင်းမွန်သည့် ရွှေဘိုပေါ်ဆန်းအစား ရွှေဘိုပေါ်ဆန်းထက် ရနံ့ပိုမွှေးပြီး ဆန်အရည်အသွေး ပိုမို ကောင်းမွန်သော ပေါ်ဆန်းရင် စပ်မျိုးစပါးနှင့် ရေဆင်းပေါ်ဆန်း-၁ စပါးမျိုးကို စမ်းသပ်စိုက်ပျိုး လျက်ရှိရာ ပန်းတိုင်အထွက်နှုန်း ကျော်လွန်အောင်ထွက်ရှိရေး အထူး အလေးထား ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အခြားစပ်မျိုးစပါး တစ်မျိုးဖြစ်သော အောင်နိုင်တိုးစပါးမျိုးအား စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ နေပြည်တော်၊ ရေဆင်းရှိ ဇီဝနည်းပညာ သုတေသနဌာနစုနှင့် ကျောက်ဆည် စိုက်ပျိုးရေးသုတေသနခြံတို့တွင် Radiation အမျိုးမျိုးပေး၍ စမ်းသပ်စိုက်ပျိုးထား ရှိသည့် စပါးများအား ရိတ်သိမ်းပြီး၍ ထွက်ရှိလာသော စပါးများကို စားသုံးရန် သင့်/မသင့် ၂၂.၈.၂၀၂၆ ရက်နေ့တွင် FDA စစ်ဆေးမှုကို ခံယူကာ FDA စစ်ဆေးမှုအရ ဓာတု၊ အဏုဇီဝ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိပါကြောင်း ပြန်ကြားလာမှုကိုလည်း အားလုံးသိရှိစေလိုရန် ပြောကြားလိုကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများအားလုံးတွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအားလုံး စိတ်ချမ်းမြေ့သာယာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ ဆောင်ရွက်လျက်ရှိရာ ယာယီ ပိတ်ထားရသည့် ကျောင်းပေါင်း(၁၄၇၀)ရှိရာမှ ၃၁.၈.၂၀၂၆ ရက်နေ့ထိ ကျောင်းပေါင်း(၁၁)ကျောင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေအနေ ရှိသည့်အတွက် အဆိုပါကျောင်းများ ဖွင့်လှစ်နိုင်မည့် အခြေအနေ အား ပြန်လည်တင်ပြရန်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးမှုအနေဖြင့် မိမိတို့တိုင်းဒေသကြီး၏ ရာသီဥတုသည် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးရှိရာ ထိုရာသီဥတုမျိုး၌ အဓိကစိုက်ပျိုး ဖြစ်ထွန်းနိုင်သည့် သီးနှံ တစ်မျိုးမှာ ဝါစိုက်ပျိုးခြင်းလုပ်ငန်း ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝါစိုက်ပျိုးထုတ်လုပ် သည့် ဧကမှာ(၅)သိန်းကျော် စိုက်ပျိုးလျက်ရှိရာ မိမိတို့တိုင်းဒေသကြီးမှ ဧက(၂၈၀,၀၀၀)ကျော် စိုက်ပျိုး နိုင်ရန်လျာထားပြီး ၁၅.၈.၂၀၂၆ ရက်နေ့အထိ(၁၂၀,၀၀၀)ဧကကျော် စိုက်ပျိုးထားနိုင်ပြီးဖြစ်တဲ့အတွက် စိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ မကွေး တိုင်းဒေသကြီးရဲ့ စီးပွားရေးကဏ္ဍမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တိုင်းဒေသကြီးအတွက် ခွဲဝေ ရရှိခဲ့တဲ့ အရင်းမပျောက် မတည်ငွေကျပ်(၁၀) ဘီလီယံအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ကဏ္ဍအလိုက်(၁၀၀%) ထုတ်ချေး နိုင်ခဲ့ပြီး လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ကာလပြည့်ပြီးသော အရင်း၊ အတိုးငွေများအား ကောက်ခံလျက်ရှိရာ ၂၈.၈.၂၀၂၆ ရက်အထိ အရင်းငွေကျပ် (၉၉၈၈.၉၂၁) သန်း၊ အတိုးရငွေကျပ် (၁၅၆၃.၆၀၀)သန်းနှင့် ဒဏ်ကြေးငွေကျပ် (၆.၀၃၇)သန်း စုစုပေါင်းငွေကျပ် (၁၁၅၅၈.၅၅၈)သန်း ပြန်လည်ရရှိပြီးဖြစ်ကြောင်း၊ ကောက်ခံရရှိတဲ့ အရင်းငွေကျပ်(၉၉၈၈.၉၂၁)သန်း အနက်မှ ငွေကျပ် (၆၄၈၇.၇၄၉)သန်းကို ထပ်မံထုတ်ချေးနိုင်ခဲ့ပြီး ဆက်လက်ကောက်ခံရရှိသော အရင်း/ အတိုးငွေများမှ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် အညီ အရင်းမပျောက်မတည်ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဌာနဆိုင်ရာများသိရှိအောင် ပြောကြားလိုပါတယ်။ ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များကိုသာမက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမှတ်သည့် မူဝါဒ၊ လမ်းညွှန်မှာကြားချက်များကိုလည်း အောင်မြင်အောင် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများကလည်း စနစ်တကျ ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက် သွားကြရန် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ၊ နိဂုံးချုပ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။







