မကွေး စက်တင်ဘာ ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မကွေးခရိုင်၊ မကွေးမြို့နယ်၊ အလယ်ဘိုကျေးရွာအုပ်စု၊ အလယ်ဘိုကျေးရွာ တွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက အဆိုပါ လမ်း၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက အလယ်ဘို ကျေးရွာ တွင်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ သည်။
ဆက်လက်၍ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၆ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း (၄၇၉၀)ရှိပြီး မကွေးတိုင်းဒေသကြီးလူဦးရေရဲ့(၈၃ ရာခိုင် နှုန်း) ခန့်ဟာ ကျေးလက်နေပြည်သူများ ဖြစ်ပါကြောင်း၊ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရ အနေနဲ့ ကျေးလက်နေပြည်သူများရဲ့ မြို့ပြနဲ့ကျေးလက် လူမှုစီးပွားဘဝ ကွာဟချက်များ ကျဉ်းမြောင်းစေရန်၊ ကျေးလက်နေပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွား လာပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန်၊ အသေးစား စက်မှု လက်မှုလုပ်ငန်း လုပ်ကိုင်သူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု က အထူးအရေးပါသလို ပြည်သူများ၏ အသိစိတ်ဓါတ် ပြုပြင်ပြောင်းလဲမှု(Mindset Change) ဟာလည်းအရေးကြီးပါကြောင်း၊ ပြည်သူများ ပိုင်ရှင်စိတ်ဓာတ် ရှိစေရေး (Ownership Mindset) ၊ ကျေးရွာစိတ်ဓါတ်(Village Spirit)ခိုင်မာအားကောင်းစေရေးနဲ့ စည်းလုံးညီညွတ်မှု ရှိစေရေး ဆောင်ရွက် စေလိုကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ အလယ်ဘိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းဟာဆိုရင် ယခင်က နွေရာသီမှာ သဲထူထပ်ပြီး မိုးရာသီမှာ ရွှံ့ဗွက်များကြောင့် ကျေးရွာသူ ကျေးရွာသားများနဲ့ ကျောင်းသား၊ ကျောင်းသူများ သွားလာရခက်ခဲကြောင်း ဒေသခံ ပြည်သူများမှ တင်ပြလာသဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၁၄၆.၆၀)သန်း၊ ပြည်သူထည့်ဝင်ငွေ(၂၉.၄၀)သန်း၊ စုစုပေါင်း (၁၇၆.၀၀)သန်းဖြင့် လမ်းအရှည် (၂၀၀၀)ပေကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ဒီကနေ့ဖွင့်လှစ်ပေး ခဲ့တဲ့ ကွန်ကရစ်လမ်းတွေကို ရေရှည်တည်တံ့ပြီး သားစဉ်မြေးဆက် အသုံးပြုနိုင်အောင် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းကြဖို့နဲ့ မိမိတို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ဒေသခံပြည်သူ (၁)ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
မကွေးမြို့နယ်၊ အလယ်ဘိုကျေးရွာတွင်း လမ်းအရှည် ပေ နှစ်ထောင်၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၄၆ ဒသမ ၆ သန်းနှင့် ပြည်သူ ထည့်ဝင်ငွေကျပ် ၂၉ ဒသမ ၄ သန်း၊ စုစုပေါင်းငွေကျပ် ၁၇၆ သန်းဖြင့် ဇွန်လ ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၂၇ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ ကြောင်းနှင့် အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကြောင့် ကျေးရွာရှိ အိမ်ခြေ ၅၈၅ အိမ်မှ လူ ၂၄၉၂ ဦး၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရာ၌ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။






