မကွေး စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးသီးနှံ စုပေါင်း ရောင်းချပွဲ အခမ်းအနားကို စက်တင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းက မကွေးမြို့ မြင့်မြတ်တော်ဝင် လယ်ယာထွက်ကုန် ရောင်းဝယ်ရေးစက်ရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ GAP နှမ်း ဝယ်ယူမည့် ကုန်သည်လုပ်ငန်းရှင်များ၊ နှမ်းသီးနှံရောင်းချမည့် အဖွဲ့ဝင်တောင်သူများနှင့် ရေနံချောင်း မြို့နယ်မှ ကြက်သွန် GAP အသိအမှတ်ပြု လက်မှတ်ရရှိကြသည့် တောင်သူများ တက်ရောက်ခဲ့ ကြသည်။
ဦးစွာ အခမ်းအနားတွင် မြင့်မြတ်တော်ဝင် မကွေးကုမ္ပဏီ Chief Operating Officer ဦးစည်သူထွန်းက မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးထုတ်လုပ်သူများ၏ တောင်သူအစုအဖွဲ့ဖြစ်သည့် မကွေးတိုင်း တောင်သူဖွံ့ဖြိုးရေးအဖွဲ့(RFDA)နှင့် ပူးပေါင်း၍ GAP စနစ်ဖြင့် သီးနှံများစိုက်ပျိုး ထုတ်လုပ် ခြင်းကို(၂၀၁၇)ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်မှု၊ တောင်သူများအတွက် ဈေးကွက် အခွင့်အလမ်းများ ပိုမိုစေရန်အတွက် မတူကွဲပြားသော ဈေးကွက်များမှ ဝယ်ယူသူ ပို့ကုန်လုပ်ငန်းရှင် (၅)ဦးအား ဖိတ်ခေါ်ပြီး တောင်သူများက စုပေါင်းရောင်းချသည့် သီးနှံများကို ဈေးပြိုင် လေလံစနစ်ဖြင့် ဝယ်ယူရောင်းချမှု၊ မကွေးကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ သည်။
ဆက်လက်၍ တက်ရောက်လာသူ တောင်သူအဖွဲ့များမှ ကိုယ်စားလှယ်များက လိုအပ်ချက်များ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မကွေးတိုင်းဒေသကြီးဟာ စိုက်ပျိုး ရေးကို အခြေခံတဲ့ တိုင်းဒေသကြီးဖြစ်တာနဲ့ အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကနှင့် အခြေခံ အုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက် မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ စပါး၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)၊ ပဲမျိုးစုံသီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ(ဝါ၊ ကြံ)နဲ့ စားဖိုဆောင်သီးနှံ အပါအဝင် သီးနှံစုံ စိုက်ပျိုး ထုတ်လုပ်တဲ့ တိုင်းဒေသကြီးဖြစ်ပြီး သီးနှံများရဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် သီးထပ် သီးညှပ်များ စိုက်ပျိုးပြီး သီးနှံစိုက်စွမ်းအားနဲ့ သီးထပ်စွမ်းအား မြင့်မား ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့စားသုံးသူများရဲ့ လူနေမှုဘဝပုံစံတွေ ပြောင်းလဲလာခြင်းကြောင့် ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်တဲ့သီးနှံများ ထုတ်လုပ်ရေးအတွက် စိုက်ပျိုး ရေးဆိုင်ရာ နည်းစနစ်ကောင်းများ Good Agriculture Practices-GAP ဖြင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ GAP ကို ကျင့်သုံး ဆောင်ရွက်ရာ မှာ စားသုံးသည့် အစားအစာများ အန္တရာယ်ကင်းရှင်းရေး၊ သီးနှံများရဲ့ အရည်အသွေး ကောင်းမွန်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးနှင့် လုပ်သားများရဲ့ ကျန်းမာရေး၊ ဘေးအန္တ ရာယ်ကင်းရှင်းရေး၊ လူမှုဘဝသာယာရေးတို့ကို အဓိကထား ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ GAP စနစ်ကို ကျယ်ပြန့် စွာ အသုံးပြုပါက လယ်ယာထုတ်ကုန်များရဲ့ အရည်အသွေးတိုးတက်ပြီး စီးပွားရေးအကျိုး အမြတ်ရရှိ စေမယ့်အပြင် သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်များ စားသုံးနိုင်မှာ ဖြစ်ပါကြောင်း၊ GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံများကို ယခုလို စုပေါင်းရောင်းချခြင်းဖြင့် ခိုင်မာတဲ့ဈေးကွက် ရရှိပြီး ဈေးကောင်းရကာ တောင်သူတစ်ဦးချင်းစီတိုင်း ဝင်ငွေတိုးတက်လာပြီး တောင်သူလယ်သမားများနဲ့ ဆက်စပ်သူ လုပ်ငန်းရှင်များအားလုံး ကြွယ်ဝချမ်းသာလာကြမှာ ဖြစ်ပါကြောင်းနှင့် လယ်ယာသီးနှံ စိုက်ပျိုးရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ တောင်သူလယ်သမားများ အပါအဝင် ပူးပေါင်းဆောင်ရွက် သူများအားလုံး စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများကို ထိရောက်စွာ လက်တွေ့အသုံးချ ဆောင်ရွက်ပေးခြင်းအားဖြင့် ဒေသစားရေရိက္ခာအတွက် ဘေးကင်းလုံခြုံစိတ်ချရသော လယ်ယာ ထွက်ကုန်များ ရရှိ ဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေသခံတောင်သူများ၏ GAP နှမ်းသီးနှံစုပေါင်းပွဲ၏ ရောင်းဝယ်နေမှုစနစ်များ၊ ကုန်ချောစက်ရုံမှ GAP နှမ်းကုန်ချောထုတ်လုပ်နေမှုများ၊ Digital Farming App အသုံးပြုပြီး၊ တောင်သူများသို့ ပံ့ပိုးပေးနေသည့် စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် မြေပဲလုံးဆံ ကုန်ချော ထုတ်လုပ်ခြင်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု၍ တိုင်းဒေ သကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြတ်တော်ဝင်မကွေးကုမ္ပဏီ အနေဖြင့် သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်စေရန် စိုက်ပျိုး ရေးနည်းပညာသင်တန်းများ ပံ့ပိုးပေးခြင်း၊ GAP ထွက်ရှိလာသည့် သီးနှံများကို အသိအမှတ် ပြုလက်မှတ်များ ရရှိအောင် ပံ့ပိုးပေးခြင်းနှင့် မကွေးတိုင်းအတွင်းတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းသီးနှံများကို မြို့နယ်(၁၀)မြို့နယ်မှ တောင်သူဦးရေ တစ်သောင်း ဝန်းကျင်ဖြင့် စုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။






