မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်၊ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ အထူးကု ဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်၊ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ အထူးကု ဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေး

မကွေး     စက်တင်ဘာ   

          မကွေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးအနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က  မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဒု_ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းအုပ် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ အခမ်းအနားကို “ စာတတ်မြောက်ရေးဝိုင်းကူပေး ” တေးသီးချင်းဖြင့် သရုပ်ဖော်တင် ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားကာ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်က ယူနက်စကို ညွှန်ကြားရေးမှူချုပ်ထံမှ ပေးပို့ သည့် “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ စာတတ်မြောက်ရေး နေ့လှုပ်ရှားမှုမှတ်တမ်း ဗီဒီယိုကလစ်အား ပြသခဲ့သည်။

          ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းဆင့် ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ကျောင်းပြင်ပ ပညာရေးမှ WASH သင်တန်းနှင့် အလယ်တန်းအဆင့် နည်းပြသင်တန်းတွင် ဆုရရှိခဲ့သော ဆရာ/ဆရာမများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

          ယင်းနောက် ကျောင်းသား/သူလေးများက “ စေတနာပန်းတို့လန်းရာမြေ” တေးသီးချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ကပြဖျော်ဖြေခဲ့ကြသည့်  ကျောင်းသူလေးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဒေသခံပြည်သူများအား ရန်ကုန်မြို့မှ လာရောက်ကုသဆောင်ရွက်ပေးသော အထူးကု ဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် မကွေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ၊ ဆေးကု သမှုခံယူရန် လာရောက်ကြသည့် လူနာနှင့် လူနာစောင့်များအား အာဟာရဖြည့် အစားအစာနှင့် ထမင်းဗူးများ ဝေငှပေးပြီး၊ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ လိုအပ်သော ဆေးဝါးများ ပြတ်တောက်မှု မရှိစေရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

          မကွေးတိုင်းပြေည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မြို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင် သော ကွင်းဆင်းကုသရေးအဖွဲ့များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ တိုင်းပြည်သူ့ဆေးရုံကြီး၌ စက်တင် ဘာ ၈ ရက်မှ ၉ ရက်အထိ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ ၂၀၀၀ ကျော်အား ဦးနှောက်နှင့် အာရုံကြော ရောဂါများ၊ အဆုတ်နှင့် ရင်ခေါင်းဆေးကုသမှုဆိုင်ရာရောဂါများ၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာ ရောဂါများ၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာရောဂါများ၊ ဆီး နှင့် ကျောက်ကပ် ရောဂါများ ၊အသည်းဆေး ကုသမှု ဆိုင်ရာရောဂါများ၊ နှလုံးဆေးကုသမှုဆိုင်ရာ ရောဂါများ၊ အရိုး၊ အကြော၊ အဆစ် ရောဂါများ၊ ကင်ဆာရောဂါ (ကလေး)၊အထွေထွေရောဂါ အထူးကုရောဂါများ စသည့် ရောဂါများအား အခမဲ့ စမ်းသပ်စစ်ဆေး ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း