မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) (၄၅)ကြိမ်မြောက် ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) (၄၅)ကြိမ်မြောက် ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


မကွေး     စက်တင်ဘာ      ၃၀

           အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) (၄၅)ကြိမ်မြောက် ပြည်သူ့ကျန်းမာရေးကြီးကြပ် အဆင့်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် နံနက် ၉ နာရီက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင် ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ အဖွဲ့ဝင် ဝန်ကြီးများ၊ ဆေးတက္က သိုလ်(မကွေး)နှင့် အခြေခံ ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်အဆင့် (၁)သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

           ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက  (၄၅)ကြိမ်မြောက် ပြည်သူ့ကျန်းမာရေး ကြီးကြပ် အဆင့်(၁)သင်တန်းကို တက်ရောက်အောင်မြင်ခဲ့တဲ့ မောင်တို့မယ်တို့အတွက် ဒီသင်တန်း ဟာ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၁)များအဖြစ် ရာထူး တိုးမြှင့်တာဝန်ထမ်းဆောင်ဖို့ မဖြစ် မနေတက်ရောက်ရတဲ့ သင်တန်းတစ်ခုဖြစ်ပြီး ဒီသင်တန်းကိုတက်ရောက်ဖို့ အတွက် ဝင်ခွင့် စာမေးပွဲ ဖြေဆိုအောင်မြင်သူများသာ ခေါ်ယူခဲ့တာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် လျက်ရှိရာမှာ (၂၀၃၀)ပြည့်နှစ်တွင် ပြည့်မီရမည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals) အနက်မှ ပန်းတိုင် (၃) ဖြစ်သည့် ကျွမ်းကျင်သော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးဆိုသည့် ပန်းတိုင်ကို ပြည့်မီရေးအတွက် ကျန်းမာရေး ဝန်ထမ်းများ လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက် ရှိတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ ဒီကနေ့ သင်တန်းဆင်းခဲ့တဲ့ မောင်တို့ မယ်တို့(၁၉၉)ဦးဟာ မကြာမီကာလမှာ ပြည်သူ့ကျန်းမာရေး ကြီးကြပ်အဆင့်(၁)အဖြစ်နဲ့ တာဝန်ကျရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာရှိတဲ့ ပြည်သူ လူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးကြမှာဖြစ်လို့ မိမိအနေနဲ့ လွန်စွာ ဂုဏ်ယူပါကြောင်း၊ ယခုလို သင်တန်းဆင်းပြီးနောက် မောင်တို့ မယ်တို့ အနေဖြင့် တာဝန်ကျရာ ဒေသအသီးသီးမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးရာမှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီတဲ့ ကျေးလက်ဒေသနဲ့ မြို့ပြ ဆင်ခြေဖုံးဒေသများမှာ နေထိုင်နေကြတဲ့ အခြေခံ လူတန်းစား အပါအဝင် ပြည်သူလူထုအားလုံးကို မိမိရဲ့မိဘဆွေမျိုးများသဖွယ် ပြုစုကုသပေးပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ လွှမ်းခြုံမှု ကောင်းမွန်စေရေး ဆောင်ရွက်ပေးဖို့နဲ့  မိမိတာဝန်ကျရာ နေရာဒေသမှာ မှီတင်းနေထိုင် ကြတဲ့ ပြည်သူများ အားကိုးရတဲ့ အခြေခံကျန်းမာရေး ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးစားကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

           ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက (၄၅)ကြိမ်မြောက် ပြည်သူ့ကျန်းမာ ရေးကြီးကြပ်အဆင့်(၁)သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ်(၂)ဦးအား သင်တန်း ဆင်း အောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။

           အဆိုပါ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၁) သင်တန်းကို ယခင်က အခြေခံကျန်းမာရေး တက္ကသိုလ်တွင် On-campus အနေနဲ့ (၉) လတာ သင်ကြားလေ့ကျင့် ပေးခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်က စတင်ကာ၊ လက်တွေ့သင်ခန်းစာများ ပိုမိုထည့်သွင်းနိုင်ဖို့ ရည်ရွယ်၍ Off-campus နဲ့ On-campus  (၂)ပိုင်းခွဲ သင်ကြားပေးခဲ့တာဖြစ်ကြောင်းနှင့် ယခုသင်တန်း အပါအဝင် (၂၀၂၆)ခုနှစ်အထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၄၀၆)ဦးအား  မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း