မကွေး မေ ၄
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၃) ဦးစိုင်းမြင့် အေးနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မေလ ၄ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ချောက်မြို့နယ် ကြောင်လျာတောကျေးရွာ အခြေခံပညာထက်တန်းကျောင်းသို့ ရောက်ရှိပြီး Myanmar Land & Development Ltd. မှ တာဝန်ယူ တည်ဆောက်လျက်ရှိသော ၁၂၀’×၃၀’×၁၂’ Steel Structure (၁)ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်သည်များ အား မှာကြားဆောင်ရွက်ကာ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အား ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ချောက်မြို့နယ် ဆင်ကကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆိုလာစနစ်ဖြင့် စက်ရေတွင်းတူးဖော်ကာ ရေပေးဝေဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ ရေပေးရေးကော်မတီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ချောက်မြို့ သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ချောက်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းများ ပြန်လည်၍ လုပ်ငန်းခွင် ဝင်ရောက်မှု အခြေအနေများ ပြည်သူများ ဆေးဝါကုသမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေသူ လူနာများအား အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ကောလဟာလများအား မယုံကြည်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးများအား ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဧည့်စာရင်းအား ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်ရန်နှင့် ထူခြားမှုများအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန် မှာကြားပြီး ရေနံချောင်းမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့သည်။