မကွေး မေ ၅
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ် သုံးဆယ် ခြောက်ကျေးရွာအုပ်စု ဥယျာဉ်စုကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဆောင်ရွက်သည်။
ဆက်လက်၍ ရေနံချောင်းမြို့နယ် မာန်ပြေကျေးရွာအုပ်စု ဖရဲကျွန်းကျေးရွာသို့ ရောက်ရှိပြီး နွေစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ဘုရားကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးဖြစ်သည့် မြေနီလမ်းခင်းခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှု စစ်ဆေးကာ တောင်သူများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ဆက်လက်ထွက်ခွာခဲ့ရာ ရေနံချောင်းပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းများ ပြန်လည်၍ လုပ်ငန်းခွင် ဝင်ရောက်မှု အခြေအနေ၊ ပြည်သူများ ဆေးဝါကုသမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေသူ လူနာများအား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေနံချောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသို့ ရောက်ရှိပြီး PKSY Co.Ltd မှ ဆောင်ရွက်နေသည့် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်းနှင့် မြေညှိခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များ၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံကာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့နှင့် ပေါင်းစပ်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊အေးချမ်းတည်ငြိမ်မှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လျင်မြန်စွာ ကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ပါတီနိုင်ငံရေးတွင် ပါဝင်ခြင်းမပြုလုပ်ရန်တို့ကို မှာကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)ဦးစိုင်းမြင့်အေးက မီတာ ဖတ်စာရေး နေ့စားဝန်ထမ်းများ ခန့်ထားမည်ဖြစ်၍ လျှောက်ထားနိုင်ကြောင်း၊ထန်းပင်များ မျိုးတုံးမှု မရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက် ပေးစေလိုကြောင်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ခင်းများ စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားပြီး၊ အဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးလှိုင်တင့်က လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများနှင့် မိမိတို့ဆောင်ရွက်နေရမှု အခြေအနေများကို ရှင်းလင်း ပြောကြားကာ တရားဥပဒေ စိုးမိုးရေးအတွက် အားလုံးမှ ဝိုင်းဝန်းပူးပေါင်း၍ ကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။