မကွေး ဧပြီ ၁
မကွေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆန္ဒပြကျောင်း သားများအား ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် မိဘများထံပြန်လည်အပ်နှံခြင်း အခမ်းအနား ကို ဧပြီလ ၁ ရက် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက မတ်လ ၃ ရက်နေ့နောက်ပိုင်း ဆူပူအကြမ်းဖက်မှုမှာ ပါဝင်ခဲ့တဲ့ သူတွေဖြစ်တယ်၊ ပညာသင်ယူဆဲ ကျောင်းသားတွေဖြစ်ပြီး ကျောင်းသားများရဲ့ အနာဂတ် ပျောက်ကွယ်သွားနိုင်တဲ့အတွက် တာဝန်ရှိသူ တွေကနေပြီးတော့ အုပ်ထိန်းသူမိဘများဘက်က မျှဝေစဉ်းစားပေးပြီး ပြန်လွှတ်ပေးတာဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းသားများအနေနဲ့ မိမိဘ၀ အမဲစက်ဖြစ်စေမယ့် လုပ်ရပ်တွေ မသမာသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားမရောင်ဘဲ ပညာဆက်လက်သင်ကြားကြဖို့ လိုပါတယ်၊ မိမိတို့ တက် ရောက်နေတဲ့ အခြေခံကျောင်းတွေ၊တက္ကသိုလ်တွေမှာ ပညာကိုဆုံးခန်းတိုင်အောင် သင်ကြားပြီး နိုင်ငံတော်အတွက် အကျိုးရှိမယ့်နေရာတွေမှာ အသုံးချသွားဖို့လိုပါတယ်၊ ဒီတစ်ကြိမ်မှာ ကျောင်းသား တွေရဲ့ အနာဂတ်ကို ရှေ့ရှုပြီး ခွင့်လွတ်နားလည်၍ မိဘများထံ ပြန်လည်အပ်နှံပေးသွားမှာ ဖြစ်ပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် နောင်တစ်ကြိမ် ဥပဒေမဲ့လုပ်ရပ်များ ထပ်မံဖြစ်ပွားပါက ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုတော့ သိရှိထာဖို့ လိုပါတယ်၊ အုပ်ထိန်းသူ မိဘများ အနေနဲ့ကတော့ မိမိသားသမီးများ အနာဂတ်မပျောက်စေရေး၊ နိုင်ငံရေး အသုံးချခံများ မဖြစ် စေရေးအတွက် ထိန်းသိမ်းသွားကြပါ၊ မိမိတို့ အတွေအကြုံနဲ့ယှဉ်၍ မိမိသားသမီးများ လမ်းမှားမရောက် စေရေး၊ သွေးထိုးလှုံ့ဆော်မှုမခံရစေရေး၊နိုင်ငံကိုအကျိုးပြုသူများဖြစ်အောင် သွန်သင် ဆုံးမသွားဖို့လိုပါ တယ်၊ ယခုလိုစေလွှတ်တဲ့အခါ မိဘအုပ်ထိန်းသူများကိုယ်တိုင် နောင်တစ်ကြိမ် ဥပဒေမဲ့လုပ်ရပ်မျိုး မပြုလုပ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးပြီး မှတ်တမ်းထားရှိသွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဥပဒေမဲ့လုပ်ရပ်မျိုး မပြုလုပ်ကြဖို့နဲ့ နောင်တစ်ချိန် မပြုလုပ်ဘူးလို့လည်း ယုံကြည်ကြောင်း ပြောကြား လိုပါတယ်ဟု အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းဦး၊အမှတ်(၈၈)ခြေမြန် တပ်မဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်စိုးလွင်နှင့် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၅)တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်တို့က အမှာစကား အသီးသီးပြောကြားကာ၊ ဆန္ဒပြကျောင်းသားများအား မိဘများထံ လွှဲပြောင်းအပ်နှံပေးခဲ့သည်။
အဆိုပါ လွှဲပြောင်းအပ်နှံမှုမှာ ဖမ်းဆီးရမိခဲသော ဆန္ဒပြကျောင်းသား(၈)ဦးအား မိဘများထံ လွှဲပြောင်းအပ်နှံပေးခဲ့ခြင်းဖြစ်ပြီး လွှဲပြောင်းပေးသူများမှာ အောင်ကျော်နိုင်(၁၇)နှစ်၊(ဘ)ဦးဝင်းလေး၊ သူရဇော်(၁၄)နှစ်၊(ဘ)ဦးခင်ဇော်နှင့် အောင်ခန့်(ခ)မောင်ခန့်(၁၆)နှစ်၊(ဘ)ဦးအောင်နိုင် တို့သည် ကလေး သူငယ်များဖြစ်ခြင်းနှင့် ကျန်(၅)ဦးဖြစ်သည့် ကောင်းဆက်ဟိန်း(ဘ)ဦးစိုးမိုးဟိန်း၊ နည်းပညာ တက္ကသိုလ်(ဒုတိယနှစ်)၊ ဖြိုးသန့်ဇင်(ဘ)ဦးဉာဏ်သောင်း၊ စက်မှုလက်မှုသိပ္ပံ(ဒုတိယနှစ်)၊ ရဲဇော်(ခ) ရဲလှိုင်ချစ်(ဘ)ဦးထွန်းထွန်းဦး၊Zoo(ပထမနှစ်)၊ ရဲဝင်းခန့်(ဘ)ဦးအောင်ဇော်လတ်၊ Zoo (ပထမနှစ်) နှင့် တိုးအောင်ဝေ(ဘ)ဦးသန်းလှဦး၊ စီးပွားရေးတက္ကသိုလ် (ဒုတိယနှစ်)တို့သည် ပညာသင်ယူဆဲ ဖြစ်သော ကျောင်းသားများဖြစ်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိသော ဖမ်းဝရမ်းထုတ်ထားသူများ စာရင်းတွင် ပါဝင်ခြင်းမရှိသူများဖြစ်ခြင်းကြောင့် မိဘများထံ ခံဝန်ဖြင့် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။