ဂန့်ဂေါ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်၊ မြို့နယ် အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရွိရာ သစ်တောများပြုန်းတီးမှုမှကာကွယ်နိုင်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့မအမြဲတမ်းပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း (၁၀၆၈၀၀)ကျော်အား ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့မအမြဲတမ်းပျိုးဥယျာဉ်၌ ပျိုးပင်များအား ပျိုးထောင်ထားရှိရာ နှစ်စဉ်ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ ပြန်လည်ကောင်းမွန်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်အတွက်ရည်ရွယ်၍ မဲဇလီ၊ တမာ၊ ကုက္ကိုလ်၊ ခေရ၊ စိန်ပန်း၊ ကံကော်၊ ပိန္နဲ၊ မန်ကျည်း၊ လျှော်ဖြူ၊ ကျွန်းနှင့် ပိတောက်စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
နောက် ၂ ရက်လောက်နေရင် ဒီပျိုးဥယျာဉ်မှာရှိတဲ့ စီးပွားရေးကျွန်းစိုက်ခင်း ဧက ၁၀၀ အတွက် ပျိုးပင်ပေါင်း (၆)သောင်းကျော်ကို စိုက်ခင်းကို သွားပို့တော့မှာပါ၊ ဟိုမှာတော့ ယာယီရေကန် တွေလုပ်ထားပြီး ရေဘောင်ဆာကားတွေနဲ့ဖြည့်ထားပြီးပါပြီ၊ မိုးရွာတာနဲ့ စိုက်တော့မှာပါဟု ဂန့်ဂေါမြို့နယ်သစ်တောဦးစီးဌာန၊ မြို့မအမြဲတမ်းပျိုးဥယျာဉ်တာဝန်ခံ ဦးကြံအောင်က ပြောသည်။
ဂန့်ဂေါမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးက ပျိုးပင်ပေါင်း (၂)ထောင်ပင်၊ သဘာဝေတာ တန်ဖိုးမြှင့်စိုက်ခင်း ဧက ၅၀ အတွက် ပျိုးပင်ပေါင်း (၇)ထောင်ပင်၊ လူထုဖြန့်အနေဖြင့် ပျိုးပင်ပေါင်း (၄)သောင်းနှင့် စီးပွားရေးကျွန်းစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၆၀၀၀၀)ပင်အား စိုက်ပျိုးရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဂန့်ဂေါမြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။