မကွေး ဇွန် ၁၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်၏ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲ အချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင့်လွင် တက်ရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများမှ ပန်းခင်းတေးရနံ့ ကြိုင်လှိုင်သည် သီချင်းဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ မကွေးတိုင်းဒေကြီး စီမံအုပ်ချုပ်ရေးကောင်စီဦက္ကဌ ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာ ယခုအခါ နိုင်ငံတစ်ဝှမ်းမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဉက္ကဌ၏ လမ်းညွှန်ချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှု၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကွပ်ကဲမှုဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် နိုင်ငံသားများအား ဉပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို စစ်ဆင်ရေးတစ်ရပ်သဖွယ် အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ ကာလဖြစ်ကြောင်း၊ မကွေးခရိုင်အတွင်း စီမံချက်စတင်တဲ့ (၃.၅.၂၀၂၁) ရက်နေ့မှ (၁၄.၆.၂၀၂၁) ရက်နေ့အထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၂၀) ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၃၄)ဦး၊ အသက်(၁၀)နှစ်မှ(၁၈)နှစ်ပြည့် လဲလှယ်ခြင်း (၁၀၉၉)ဦး၊ ပျောက်ဆုံး/ပျက်စီးခြင်းအတွက် မိတ္တူလျှောက်ထားခြင်း (၁၇၀၀)ဦး၊ စုစုပေါင်း (၄၂၅၂) ဦးနှင့်အိမ်ထောင်စု (၁၀၁၉)စုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး လူဝင်မှု မကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က ပန်းခင်း စီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဌနှင့် အဖွဲ့ဝင်များက မကွေးခရိုင်အတွင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုအပေါ် ဒေသခံတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။