မကွေး ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊မကွေးမြို့တွင် အသံမစဲမဟာပဌာန်းပွဲနှင့် ပရိတ်တရားတော် လှည့်လည် ပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကင်းရှင်း စေရေးအတွက် မကွေးမြို့ မြို့တော်ခန်းမတွင် အသံမစဲမဟာပဌာန်းပွဲနှင့် မြို့အနှံ့ပရိတ်တရား လှည့်လည်ပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါ အသံမစဲမဟာပဌာန်းပွဲနှင့် ပရိတ်တရားတော် လှည့်လည် ပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄)ဦးစိုးပိုင်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ တက်ရောက်လာ သည့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဆွေးနွေး တင်ပြခဲ့ကြကြောင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကင်းရှင်းစေရေး မြို့တော်ခန်းမတွင် အသံမစဲမဟာပဌာန်းပွဲနှင့် မြို့အနှံပရိတ်တရားလှည့်လည် ပူဇော်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။