မကွေး ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (Covid-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိရာ မကွေးမြို့နယ်တွင် Covid-19 ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၂ ရက်နေ့မှစတင်၍ မကွေးမြို့နယ်အား Stay At Home သတ်မှတ် ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များအား တိတိကျကျလိုက်နာဆောင်ရွက် နိုင်ရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မကွေးခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အစိုးရဌာနများ၊ ပုဂ္ဂလိက လုပ်ငန်း များဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးဝါး၊ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဆက်လက် ဖွင့်လှစ်ထားရှိရန်နှင့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊ မဖြစ်မနေဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ရန် ရှိပါက တစ်အိမ်လျှင် ၂ ဦးသာ သွားရောက်ရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရန်၊ မြို့နယ်အတွင်းသို့ ဖြတ်သန်းခွင့်ပြုထားသော ကုန်တင် မော်တော်ယာဉ်များမှအပ အိမ်စီးကားများ၊ ခရီးသည်တင်ကားများ ဝင်ရောက်ထွက်ခွာခြင်းမပြုကြောင်း၊ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၁၃ ရက်နေ့အထိ ပိုးတွေ့အတည်ပြုလူနာပေါင်း ၂၇၅၄ ဦး၊ ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ ၁၆၅ ဦး၊ သေဆုံးသူ ၂၇ ဦး၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက်ဆေးဝါးကုသမှုခံယူနေသူ ၂၅၆၁ ဦး ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။