မကွေး ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော် ကျော်လင်း၊ အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါကာ ဇူလိုင်လ ၂၁ ရက် နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင် စလင်းမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိခဲ့ပြီး Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်း များတွင် အထောက်အကူဖြစ်စေမည့် ဆေးဝါးများ၊ အာဟာရပြည့်စား သောက်ဖွယ်ရာများ လှူဒါန်းပေးခဲ့ပြီး အောက်စီဂျင်လိုအပ်မှုအပေါ် အချိန်မီ ရရှိရေး ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စလင်းမြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကော်မတီဝင်များ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ Mask, Hend Gel, Face Shield, PPE ဝတ်စုံများအား ပေးအပ်လှူဒါန်းခဲ့ပြီး ဆင်ဖြူကျွန်းမြို့သို့ ဆက်လက် ထွက်ခွာ သွားခဲ့သည်။
ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အထက (ဆင်ဖြူကျွန်း) Quarantine Center သို့ရောက်ရှိခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများ တာဝန်ချထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လူနာများအတွက် အာဟာရဖြည့်အစားအစာများ၊ Mask, Hend Gel, Face Shield တို့အားထောက်ပံ့ ပေးအပ်ခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များအတွက် ကျန်းမာရေးအာမခံ ထားရှိဆောင်ရွက် ပေးမည်ဖြစ်၍ စာရင်းပြုစုတင်ပြပေးရန် မှာကြားခဲ့ပြီး ဆင်ဖြူ ကျွန်းပြည်သူ့ဆေးရုံသို့ ဆက်လက်ထွက်ခွာခဲ့သည်။
ဆင်ဖြူကျွန်းပြည်သူ့ဆေးရုံတွင် မြို့ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ စောင့်ကြည့်လူနာများ၊ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် ဆင်ဖြူကျွန်းပြည်သူ့ဆေးရုံမှ ဝန်ထမ်း(၃၀)ဦးအတွက် ငွေကျပ် (၅)သိန်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။