မကွေး သြဂုတ် ၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည့် ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလာကာ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံ အဝင်လမ်းမကြီး၌ ပိုးသတ်ဆေးဖြန်းနေမှု အခြေအနေများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် Volunteer များမှ ဆေးရုံဝန်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေး ဆောင်ရွက်နေသည့် အဖွဲ့များသို့ ငွေကျပ်(၁၀၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံအုပ်ကြီးရုံးခန်းတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆေးသုံးစွဲ၊ လက်ကျန် အခြေအနေများအား မေးမြန်းခဲ့ပြီး ဆေးလိုအပ်ချက်များ ရှိပါက တင်ပြပေးရန်နှင့် ဆေးရုံကြီးလျောက်လမ်းများတွင် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရန်၊ ဆေးရုံတက်လူနာများအား တစ်ခန်းထဲ၌ စုပြုံထားခြင်းမျိုး မပြုလုပ်ပဲ အခန်းများခွဲကာ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန် မှာကြားဆောင်ရွက်ခဲ့သည်။