မကွေး စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ မွန်းလွဲပိုင်းက ရေနံချောင်း မြို့နယ်တွင် မာန်မြေကျေးရွာအုပ်စု ရွာသာကုန်းကျေးရွာ၊ မိန်းမလှကျွန်းကျေးရွာနှင့် ထနောင်းကုန်းကျေးရွာ တို့မှ ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့ပစည်းများ ပေးအပ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲသည် ရေနံချောင်းမြို့နယ်ပင်းဝကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပန်းခင်း စီမံချက်ဖြင့် ကျေးရွာအရောက် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုတိုင်း အိမ်ထောင်စု ဇယားရရှိရေး ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ အိမ်ထောင်စု ဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်လာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့် အညီ နေထိုင်သွားကြရန်မှာကြားကာ ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာရာ ရေနံချောင်း မြို့နယ် ရုံးကုန်းကျေးရွာရှိ တောင်သူဦးလူမုန်းပါ(၇)ဦး၏ မိုးနှောင်းချည်မျှင် ရှည်ဝါ-ရွှေတောင်(၈) မျိုးစေ့ထုတ်စိုက်ခင်းသို့ ရောက်ရှိပြီး ဝါများအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများ အား ကြည့်ရှုကာ တောင်သူများ၏ လိုအပ်ချက်များအား မေးမြန်ခဲ့ပြီး တောင်သူများ၏ တင်ပြခဲ့မှုများ အပေါ်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။