မကွေးတိုင်းဒေသကြီးအတွင်းရှိ Volunteer များ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်းများအတွက် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများထောက်ပံ့ပေးအပ် အခမ်းအနားကို စက်တင်ဘာလ ၁၀ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားကာ ကျန်းမာရေးသုံး အကာ အကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် ပထမလှိုင်း၊ ဒုတိယလှိုင်း၊တတိယလှိုင်းဆိုပြီး ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားလျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းစဉ်များမှာ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပါဝင် ဆောင်ရွက်လျက်ရှိတဲ့ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများ၏ အခန်း ကဏ္ဍဟာလည်း အရေးကြီးလှပါကြောင်း၊ဒီလို လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ပရဟိတအဖွဲ့ အစည်းများနဲ့ စေတနာ့ဝန်ထမ်းများအတွက် လိုအပ်သော ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊စေတနာ့ဝန်ထမ်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အနေအထိုင် အစားအသောက် အသွားအလာ ကိစ္စများ ပံ့ပိုးကူညီပေးခြင်းကျန်းမာရေးအာမခံ ထားရှိပေးခြင်းတို့ကို နိုင်ငံတော်အစိုးရ အနေဖြင့် အသိအမှတ်ပြုထောက်ပံ့ပေးလျက်ရှိကြောင်း၊ယခုလဲ ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်း (၉)မျိုးဖြစ်တဲ့ Surgical Mask, KN95 Mask, Hand Sanitizer , PPE, Surgical Gown, Goggle, Boot, Surgical Cap, Exam Gloves များအား တိုင်းဒေသကြီးအတွင်းရှိ ပရဟိတအဖွဲ့အစည်း (၁၂၉)ဖွဲ့မှ စေတနာ့ဝန်ထမ်းများထံသို့ စနစ်တကျကြီးကြပ်၍ သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီများမှတဆင့် ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း၊ ပရဟိတ အဖွဲ့အစည်း အသီသီးမှ စေတနာ့ဝန်ထမ်းများ အနေဖြင့်မိမိတို့၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံ ဉာဏ်များကို အခကြေးငွေမယူဘဲ စေတနာ့ဝန်ထမ်းအဖြစ် မိမိတို့ဆန္ဒအလျောက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးနေကြတာ ဖြစ်လို့ မိမိတို့အစိုးရ အဖွဲ့ အနေဖြင့်လည်း အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဆက်လက်ပြီးလဲ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ရှိ တက်ရောက်လာသည့် Volunteer များ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။