မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မင်းဘူးခရိုင် စကုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မင်းဘူးခရိုင် စကုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မင်းဘူး စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်ရှိန်နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ သားမွေး ချောင်း(နွားကူးရိုး)ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တာဝန်ရှိသူမှ တင်ပြခဲ့ မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စကုပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး စကုမြို့ပြည်သူ့ဆေးရုံအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး ဒေါ်ဝင်းဝင်းမြင့် မိသားစုတို့မှလှူဒါန်းသော Oxygen Concentrator (၂)လုံး၊အောက်စီဂျင်ပါ ၄၀ လီတာအိုး(၁၀)လုံးနှင့် အမြင့်တင်ရေစင်အတွက် အလှူငွေကျပ် (၇၅)သိန်းတို့အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့် မိသားစုတို့မှ ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ ပေးအပ် လှူဒါန်းခဲ့ရာ စကုဆေးရုံအုပ်ကြီးနှင့် စကုမြို့အုပ်ချုပ်ရေးမှူးတို့မှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စကုဈေးပြန်လည် တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မှတ်ပုံတင်ဆိုင်ခန်းများ၏ လျှောက်လမ်းအပေါ်ဘက်အာ မျက်နှာ ကြက်တပ်ဆင်ရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး စေတနာထား ဆောင်ရွက်ရန် မှာကြားပြီး အမှတ်တရအဖြစ် ဈေးအတွင်း၌ နံ့သာဖြူပင် စိုက်ပျိုးပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စကုမြို့အမှတ်(၁)ရပ်ကွက် စကု နယ်မြေမီးသတ်စခန်းသို့ ရောက်ရှိပြီး မီးသတ်စခန်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးသတ်ဝတ်စုံ(၃၅)စုံနှင့် ငွေကျပ်(၁)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း