မကွေး စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးများ၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များလိုက်ပါကာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး သံဃဆေးရုံ ဝန်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင် စက်ရုံ တည်ဆောက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အမြန်လည်ပတ်နိုင်ရေး ဆောင် ရွက်ရန်၊ အောက်စီဂျင်စက်အား ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရန် ကျန်ရှိနေသည့် စက်ရုံအမိုး အကာများအား အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြား ဆောင်ရွက် ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကိုရိုနာဗိုင်းရပ်ရောဂါကာကွယ်ထိန်းချုပ်ရေး မြို့နယ် ကော်မတီဝင်များ၊ပရဟိတအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ မြို့နယ်ကိုရိုနာဗိုင်းရပ်ရောဂါကာကွယ် ထိန်းချုပ် ရေးကော်မတီ ဥက္ကဌက ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး အာဟာရဖြည့်စွတ်စာ ကြက်ဥ၊ခေါက်ဆွဲခြောက်နှင့် နှာခေါင်းစည်း Mask များအား ထောက်ပံ့ပေးအပ် ကာ စေတနာ့ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ် ကွန်းရွာအုပ်စု၊ ရွှေတန့်တစ်ကျေးရွာ ရွှေတန့်တစ်ဘုရားသို့ ရောက်ရှိပြီး ရွှေတန့်တစ်ရက္ခန် ဘုရားအား ဖူးမြော် ကြည်ညိုကာ နဝကမ္မအလှူငွေကျပ်(၁)သိန်းအား ဘုရားဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ပြီး၊ ရွှေတန့်တစ်ဘုရား ဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးကာ ဆောင်ရွက် ပြီးစီးသည့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မြို့သစ်-ရွှေတန့်တစ်- ရွှေဒါလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေတန့်တစ် မြစ်ရေတင်စီမံကိန်း ရောက်ရှိပြီး တာဝန်ရှိသူမှ နွေ၊မိုး၊ဆောင်း၊ စပါးနှင့်သီးနှံမျိုးစုံ စိုက်ပျိုးသည့် တောင်သူများအား နှစ်စဉ်ရေပေးဝေနိုင်မှု အခြေအနေ ရေခွန်ကြွေးကျန်များ ကောက်ခံရရှိမှု၊ ကျန်ရှိမှုအခြေအနေနှင့် စက်များကြံ့ခိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက် ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေ ၅ နာရီအချိန်တွင် ချောက်မြို့သို့ ရောက်ရှိပြီး ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ၊ ချောက်မြို့တွင် တည်ဆောက်ပြီးစီးပြီဖြစ်သည့် အောက်စီဂျင်လည်ပတ်နေမှုနှင့် အောက်စီဂျင်ထုတ်လုပ်မှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။