မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃၄/၂၀၂၁)ကို အောက်တိုဘာလ ၄ ရက် ယနေ့နံနက် ၉ နာရီ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အခြေ အနေမှာ တစ်နေ့ထက်တစ်နေ့ လျော့နည်းလာကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု လုံးဝပပျောက် သည်အထိ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ကော်မတီများ အနေဖြင့် ဆက်လက်ပြီး စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများအား အရှိအဟုန်မပျက် ပိုမိုလုပ်ဆောင် သွားကြရမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အစိုးရမှ အသက်(၁၂)နှစ်အထက် အခြေခံ ပညာအလယ်တန်း၊ အထက်တန်း ကျောင်း သား /သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက် သွားကြစေလို ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး အစီအမံများနှင့် ပတ်သက် ၍ လည်းကောင်း၊ တိုင်းဒေသကြီးပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဒုတိယ ဦးစီးမှူးက ကိုဗစ်-၁၉ ရာဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုများအား ပြည်သူများသိရှိနိုင်ရေး နှိုးဆော်ဆောင်ရွက်ပေးမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်း၊ အထက် တန်း ကျောင်းသား/သူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးမည့် နေရာ(၂၄၁) နေရာတွင် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့(၁၆၈)ဖွဲ့မှ အဖွဲ့ဝင်ဦးရေ(၂၈၁၅)ဦးဖြင့် လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။