မင်းဘူး အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများလိုက်ပါကာ အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားကြီး၌ ဓါတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) ဆောက်လုပ် နေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဓါတ်လှေကားတာဝါ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာတွင် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ၆၉ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုအခါ Lift Tower Emergency Level အထက် Lift Wall အတွက် သံစင်နှင့် ပုံစံရိုက်ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်နေကြောင်း၊ Walk Way Bridge လျောက်လမ်းအတွက် Portion(1) ကွန်ကရစ် လောင်းပြီးဖြစ်တာကြောင့် Portion(2) အတွက် ကွန်ရစ်လောင်းရန် ပြင်ဆင်နေကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်မှ ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုအပေါ် လူမှုရေးရာဝန်ကြီးက အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီး ဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ)ဖြင့် အတက်နှင့် အဆင်းဟူ၍ Lift Tower နှစ်စင်းကို ဘုရားရန်ပုံငွေမှ ခွင့်ပြုငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့်တည်ဆောက်နေပြီး ဓာတ်လှေကားတစ်စင်းလျှင် လူ(၂၀)ဦးနှုန်းဖြင့် စုစုပေါင်း လူ(၄၀)ဦး လိုက်ပါစီးနင်း နိုင်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းကာလမှာ (၂၉.၆.၂၀၂၁) ရက်နေ့မှ (၉.၁.၂၀၂၂) ရက်နေ့ အထိဖြစ်ပြီး ဘုရားပွဲတော်ချိန်မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်မိသားစုမှ မန်းရွှေစက်တော်ဘုရားကြီး အတွက် အလှူငွေ တစ်သိန်းကျပ်ကို ဘုရားဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ရွှေစက်တော်မန်းချောင်းဆင်စခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးလှသန်းမှ ဆင်စခန်းပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆင်စာများ ကျွေးမွေးခဲ့ပြီး ဆင်စခန်းရှိဆင်များအတွက် ဆင်စာဘူဖေး ကျွေးမွေးရန် အလှူငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။