မကွေး အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသ ကြီးအတွင်း ခန့်အပ်သည့် ဝန်ထမ်းသစ်များအား ဌာနတွင်း အခြေခံဘာသာရပ်သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၈ နာရီအချိန်က မကွေးမြို့၊ ပညာရေးဒီဂရီကောလိပ် ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တာဝန်ဖြစ်တဲ့ အသက်(၁၈)နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိနိုင်ရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ လူမှုဘဝ ပြည့်စုံရေးအတွက် နိုင်ငံသားတိုင်း လက်ဝယ်တွင် နိုင်ငံသားကတ်ကိုင်ဖို့ လိုအပ်တဲ့အတွက် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆောင်ရွက် ရာမှာလည်း အချိန်အကန့်အသတ်နဲ့ လုပ်ငန်းပမာဏများတာကြောင့် ဝန်ထမ်းအင်အား ဖြည့်တင်း ပေးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ အလုပ်လျှောက်လွှာတွေခေါ်ယူခဲ့ကြောင်း၊ ဝန်ထမ်းသစ် သင်တန်းသူ/သား များ အနေနဲ့ သင်တန်း ကာလ အတွင်းမှာ သင်တန်းဆရာများမှ မိမိဝန်ကြီးဌာနမှ စွဲကိုင်ကျင့်သုံး လျှက်ရှိသော ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဦးစီးဌာနအလိုက် သက်ဆိုင်တဲ့ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းခွင် အတွေ့အကြုံများကို သင်ကြားပို့ချပေးတဲ့အခါမှာ အပတ်တကုတ် သေချာစွာ ကြိုးစားသင်ယူ လေ့လာ သွားရမှာဖြစ်ပြီး၊ ယူနီဖောင်းဝတ်ဌာနဖြစ်တဲ့အတွက် လက်နက်မဲ့ စစ်ရေးပြ သင်ခန်းစာကိုလည်း သေချာစွာ သင်ကြားဖို့ မှာကြားလိုကြောင်း၊ နိုင်ငံတော်မှ မိမိတို့ကို အလုပ်အကိုင် အခွင့်အလမ်း တစ်ခုတင်သာမကပဲ နိုင်ငံ့ဝန်ထမ်းတွေအဖြစ် ခန့်အပ်ပေးခဲ့တဲ့ ကျေးဇူးကို သိတတ်သောအားဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရတဲ့အခါ နိုင်ငံတော်အပေါ် သစ္စာရှိရှိနဲ့ ဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ တာဝန်ကျေပွန်စွာ ဆောင်ရွက် သွားကြရန် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က ဌာနတွင်း အခြေခံဘာသာရပ် သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ထမ်းသစ်များအနေဖြင့် သင်တန်းကာလအတွင်းသတ်မှတ် စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါကူး စက်မှုမရှိစေရေး RDT Test ဖြင့် စစ်ဆေးဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ မိမိတို့ဌာနမှ စွဲကိုင် ကျင့်သုံးလျက်ရှိသော ဥပဒေများနှင့် ဦးစီးဌာနအလိုက် သက်ဆိုင်သော လုပ်ငန်းစဉ်များအား သေချာစွာ နားလည်သဘောပေါက်ပြီး လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက် နှင့် လူမှုဆက်နွယ်ရေးဆိုင်ရာ အခြေခံ သဘောတရားများကို သင်ကြားပို့ချ လေ့ကျင့်ပေးနိုင်ရေးနှင့် စစ်ရေးပြ လက်နက်မဲ့ သင်ခန်းစာအား လက်တွေ့လေ့ကျင့်ပေး နိုင်ရေးအတွက် ဝန်ထမ်းသစ်များ ဌာနတွင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၁) ကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ ဝန်ထမ်းသစ်များ ဌာနတွင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ကို (၂၅.၁၀.၂၀၂၁) ရက်နေ့မှ (၂၉.၁၀.၂၀၂၁) ရက်နေ့အထိ ၅ ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဦးတည်ချက် (၉) ရပ်၊ ဝန်ကြီးဌာနသမိုင်းနှင့် ဝန်ကြီးဌာန ဖွဲ့စည်းပုံ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဆိုင်ရာ ဘာသာရပ်များ၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန ဆိုင်ရာ ဘာသာရပ်များ၊ပြည်သူ့အင်အားဦးစီးဌာနဆိုင်ရာ ဘာသာရပ်များ၊ ဝန်ထမ်းကျင့်ဝတ်နှင့် နိုင်ငံ့ဝန် ထမ်းဉပဒေ၊ လက်နက်မဲ့ စစ်ရေးပြ ဘာသာရပ်များ သင်ကြားပို့ချ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။