မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက မကွေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မကွေးမြို့ပေါ်ရှိ အဝေရာလမ်း၊ ကမ်းနားလမ်းနှင့် သုခိတာလမ်းများ အား နိုင်လွန်ကတ္တရာခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
မကွေးမြို့ အနေဖြင့် တိုင်းဒေသကြီးမြို့တော်ဖြစ်သည်နှင့်အညီ မြို့ပြဘက်စုံဖွံ့ဖြိုးတိုးတက် သာယာလှပရေးအတွက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ အဖွဲ့ က စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက မကွေး မြို့တွင်းလမ်းများဖြစ်သည့် အဝေရာလမ်း၊ ကမ်းနားလမ်းနှင့် သုခိတာလမ်းများအား နိုင်လွန်ကတ္တရာ ခင်းကျင်း ဆောင်ရွက်နေမှုနှင့် Box Culvert (၄)စင်း ဆောင်ရွက်မှု အခြေအနေအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီး ဝန်ကြိီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ များ အနေဖြင့် မြို့တွင်းလမ်းများ ကောင်းမွန်ရေး၊ မြို့ရေစီိးရေလာ စနစ်ကောင်းမွန်ရေး၊ အဓိကကျတဲ့ မြို့တွင်းလမ်းများအား နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး၊ ရပ်ကွက်လမ်းသွယ်များ ကိုလည်း စည်ပင်နှင့်ပြည်သူ ပူးပေါင်း၍ ကွန်ကရစ်လမ်းများအဖြစ် လုပ်ဆောင်နိုင်ရေး အလေးထား ဆောင်ရွက်ကြဖို့နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုသိသာထင်ရှားစေဖို့ ယာဉ်သွားလမ်း၊ လူသွားလမ်းများ သတ်မှတ်နေရာတကျဖြစ်စေရန်၊ ယာဉ်အန္တရာယ်ကင်းဝေးစေရန် Public Area ပိုမို များပြားလာစေရန်နှင့် မြို့သပ်ရပ်သန့်ရှင်း လှပစေရန်တို့ကို အဓိကထား လုပ်ဆောင်ကြစေလို ကြောင်း စသည်ဖြင့် မှာကြားသည်။
မကွေးမြို့တွင်းလမ်းများဖြစ်သည့် အဝေရာလမ်း၊ ကမ်းနားလမ်းနှင့် သုခိတာလမ်းများ နိုင်လွန် ကတ္တရာခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေး နှစ် အဖွဲ့ရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ်သိန်း(၈၁၄၉.၀၉၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လုပ်ငန်း အားလုံး ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။