မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းလုံး အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းလုံး အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ ရိုးရာ ခြင်းလုံး အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၈ ရက် နေ့လယ် ၃ နာရီက မကွေးခရိုင် အားကာစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ဆောင်ရွက် ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တက်ရောက် အမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်အားကစားနည်းဟူ၍ အသီးသီးရှိကြကြောင်း၊ မိမိတို့ မြန်မာလူမျိုးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု အားကစားနည်းများတွင် မြန်မာရိုးရာခြင်းခတ် အားကစားနည်းလည်း တစ်ခုအပါ အဝင်ဖြစ် ကာ မတိမ်ကော မပပျောက်စေရေးအတွက် အဆင့်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ပေါ်ပေါက်လာ စေရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်သော လူငယ်များ ပေါ်ပေါက်လာစေရေးသည် ယနေ့လူငယ်များ၏ သမိုင်းပေးတာဝန် တစ်ရပ်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မြန်မာ့ရိုးရာခြင်းခတ်အားကစား မတိမ် ကော၊ မပပျောက်စေရေးနှင့် ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့ကိုယ်စားပြု မျိုးဆက်သစ် အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် ယခုလို အခြေခံရိုးရာခြင်းလုံး အားကစားသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံရိုးရာခြင်းလုံးသင်တန်း အတွက် ခြင်းလုံးများအား လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က သရုပ်ပြခြင်းလုံးအဖွဲ့အား ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော် ခြင်းနှင့် ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ သီရိသုဓမ္မမဏိဇောတဓရ လူမှုထူးချွန်ပထမအဆင့်၊ ကျောက်စိမ်း ဘုရားဒါယကာ ဦးစိုးနိုင်မှ ခြင်းလုံးနှင့် မကွေးတိုင်းခြင်းလုံးရုံ ဆောက်လုပ်နိုင်ရန် အတွက် အလှူငွေ ကျပ်(၁၀)သိန်းအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး မျိုးဆက်သစ် လူငယ် မောင်မယ်များမှ မြန်မာ့ ရိုးရာခြင်းလုံး အခြေခံအထိ(၆) ချက် သရုပ်ပြသခတ်ကစားခဲ့ကြသည်။

ယင်းနောက် ၂၀၂၂ခုနှစ်၊ မတ်လတွင် မကွေးတိုင်းဒေသကြီး၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ရိုးရာခြင်းလုံး(၄) ပေါက် တန်း ဝိုင်းဖွဲ့အမှတ်ခတ် သရုပ်ပြသခဲ့ပြီး ဆီးဂိမ်းရွှေတံဆိပ်(၂)ဆုရှင် မတင်တင်လင်းမှ စွမ်းရည်းပြသ ခတ်ကစားခဲ့ရာ တက်ရောက်လာကြသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် လူငယ် မောင်မယ်များ၊ အားကစား ဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ် ကစားသမားများ တက်ရောက် ခဲ့ကြသည်။

နောက်ဆုံးရ သတင်း