မကွေး အောက်တိုဘာ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ မကွေးမြို့ ၊ အမှတ် ( ၄ ) အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများအား ယမန်နေ့ နေ့လယ်(၃)နာရီက မကွေးမြို့ အ.ထ.က (၄)ကျောင်းရှိ ပတ္တမြားခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မကွေးမြို့အ.ထ.က(၄) ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများက တစ်ဦးချင်းအလိုက် မိတ်ဆက်ခဲ့ပြီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့် အလမ်းများ မဆုံးရှုံးစေရေးအတွက် နိုဝင်ဘာလ(၁) ရက်နေ့မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ရာ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား/သူများ လုံခြုံဘေးကင်းစွာဖြင့် ပညာ သင်ကြားနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီဖွင့်လှစ်သွားရန်လိုအပ်ပါကြောင်း၊ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် နှာခေါင်းစည်း(Mask)များအား စနစ်တကျ တပ်ဆင်သည့် အလေ့ အကျင့်ကောင်းများဖြစ်စေရန် တိုက်တွန်းအသိပညာပေးခြင်းများ အား ဆောင်ရွက်စေလိုကြောင်းနှင့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့ကျောင်းသား/သူများ ပညာသင်ကြားပေးယုံသာမက ယဉ်ကျေးလိမ္မာသော ကျောင်းသား /သူများ ဖြစ်လာစေရန် သင်ကြားပြသပေးစေလိုကြောင်း၊ကျောင်းရှိ ဆရာ/ဆရာမ အများစုသည် မြို့ခံများဖြစ်သည့် အတွက် ကျောင်း၏ အောင်မြင်မှုရလဒ်များကို ဆက်လက် ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်တို့က မကွေးမြို့ အ.ထ.က(၄)ကျောင်းရှိ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များအား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။