မကွေး နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ကလပ် အသင်းပေါင်းစုံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ခရိုင် အားကာစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အမှာစကား ပြောကြားသည်။
ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားသမားများ အနေဖြင့် အားကစားသည် အားအင်အပြည့်ဖြင့် ကစားရသည့် အတွက်ကြောင့် အစားအသောက်များသာမက အိပ်ချိန်များ၊ လေ့ကျင့်ချိန်များနှင့် အနား ယူချိန်များအား စည်းကမ်းတကျ အချိန်သတ်မှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားသမား များသည် စည်းကမ်းနှင့် ဒွန်တွဲလျက် ရှိနေရမည့်သူများ ဖြစ်တဲ့အတွက် စည်းကမ်းရှိကာ အရည်အသွေး ပြည့်ဝသော အားကစားသမားများဖြစ်အောင် ကျင့်ကြံအားထုတ်ကြရန်လိုကြောင်း၊ စိတ်ဓာတ် အနေဖြင့် အနိုင်ရယူလိုသည့် စိတ်ဓာတ်များပြင်းထန်ရန် လိုအပ်မည်ဖြစ်သော်လည်း တရားမျှတ မှုရှိသော အားကစားသမားကောင်း ပီသသော စိတ်ဓာတ်များထားရှိရန် လိုအပ်မှာဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်း အားကစားနည်းသည် စုပေါင်းကစားရသည့် အားကစားဖြစ်ခြင်းကြောင့် အားကစားသမားများ အနေ ဖြင့် အသင်းအဖွဲ့အလိုက် စုပေါင်းကစားနိုင်မှသာ အနိုင်ရရှိမှာ ဖြစ်တဲ့အတွက် စုပေါင်းလုပ်ဆောင် တတ်သည့် အလေ့အထကို ရရှိစေမှာဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံ တော်အဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို အစဉ်တစိုက် ပြုလုပ်ပေးနေသဖြင့် ယခုလိုပြိုင်ပွဲများမှ တစ်ဆင့် နိုင်ငံက အားထားရသော နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်များ ရွက်ဆိုခဲ့ပြီး ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို စတင်ကျင်းပ ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး ၊ လူမှုရေးရာဝန်ကြီ ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြပြီး၊ ကလပ်အသင်း ပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် များမှ ပိုင်ကျော်ခြင်း အသင်းအဖွဲ့(၂၁)ဖွဲ့မှ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပွဲစဉ်များအား နိုဝင်ဘာလ (၂)ရက် နေ့မှ နိုဝင်ဘာလ (၆)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။