မကွေး နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ကလပ် အသင်းပေါင်းစုံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီက ခရိုင်အားကာစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ဗိုလ်လုပွဲ ပွဲစဉ်အား ကြည့်ရှု အားပေးကာ ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရ ရှိသော ကလပ် အသင်းအား ဆုကလပ်နှင့် ငွေသားဆု ချီးမြှင့်ပေးအပ်ခဲ့သည်။
မြန်မာ့ခြင်းလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြင်းလုံးအားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှု စိတ်ဓာတ်နှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထ ရရှိစေပြီး၊ ပြည်ထောင်စုစိတ်ဓာတ်များ ပိုမို ထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ခြင်းလုံးအားကစား သမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ကျင်းပ ဆောင် ရွက်ရာ အဆိုပါ ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တိုင်းဒေသကြီး အတွင်းရှိ ခရိုင် /မြို့နယ်များမှ ပိုင်ကျော်ခြင်း အသင်းအဖွဲ့(၂၁)ဖွဲ့မှ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ပွဲစဉ်များကို နိုဝင်ဘာလ ၂ ရက် နေ့မှ စတင်ကျင်းပကာ ယနေ့ မွန်းလွဲပိုင်းတွင် ပိုက်ကျော်ခြင်းဗိုလ်လုပွဲ ပွဲစဉ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက် ကြည့်ရှုအားပေး ကာ ဆုရအသင်းများအား ဆုကလပ်နှင့် ငွေသားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အကောင်းဆုံးရိုက်ခုတ် ကစားသမား ဆုကို မင်းဘူးမြို့နယ် ဓူဝံကြယ် ကလပ်အသင်းမှ မောင်ရဲသူရလင်းက လည်းကောင်း၊ အကောင်းဆုံး ပင့်ထောင် ကစားသမားဆုကို မကွေးမြို့နယ် အာဠာဝက ကလပ်အသင်းမှ မောင်ပြည့်စုံက လည်း ကောင်း၊ အကောင်းဆုံး နောက်ထိန်း ကစားသမားဆုကို ပခုက္ကူမြို့နယ် ကွန်ပနီယံ ကလပ်အသင်းမှ မောင်သန်းထိုက်ဝင်းတို့က ရရှိခဲ့ပြီး၊ အသင်းလိုက်ပြိုင်ပွဲ တတိယဆုကို မင်းဘူးမြို့နယ် စိန် ကလပ် အသင်းနှင့် ဒုတိယဆုကို မင်းဘူးမြို့နယ် ဓူဝံကြယ် ကလပ်အသင်းတို့မှ ရရှိကာ အဆိုပါ ဆုများကို တိုင်းဒေသကြိးအစိုးရဖွဲ့ဝင် ဝန်ကြီးများက ဆုကလပ်နှင့် ငွေသားဆုများအား အသီးသီးချီးမြှင့်ပေးအပ် ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားသမားများအား နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတော်အဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို အစဉ်တစိုက် ပြုလုပ်ပေးနေသည့် အတွက် ယခုလိုပြိုင်ပွဲများမှ တစ်ဆင့် နိုင်ငံက အားထားရတဲ့ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစား သမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း မှာကြားကာ ပထမဆု ရရှိသော မကွေးမြို့နယ် အာဠာဝက ကလပ်အသင်းအား ဆုကလပ် နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။