မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းလုံးအားကစားသင်တန်းဆင်းပွဲ တက်ရောက်အားပေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းလုံးအားကစားသင်တန်းဆင်းပွဲ တက်ရောက်အားပေး

မကွေး နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ ရိုးရာခြင်းလုံး အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်န့ နေ့လယ် ၃ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် အားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် က မြန်မာရိုးရာယဉ်ကျေးမှု အမွေအနှစ် မတိမ်ကော မပပျောက်စေရေးအတွက် ခြင်းလုံးအားကစားနည်းကို မြန်မာလူမျိုးတိုင်း ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်သောကြောင့် မိမိတို့အနေဖြင့် မြန်မာရိုးရာ အခြေခံရိုးရာ ခြင်းလုံး အားကစားနည်းသင်တန်းကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့သည့်အတွက် ဝမ်းသာမိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် နည်းပြ ဆရာ/ ဆရာမများ သင်ကြားပြသပေးသော ခြင်းလုံးခတ်အားကစားနည်းများအား အမြဲမပြတ် လေ့ကျင့်ကာ နိုင်ငံ့ဂုဏ်ဆောင်သော အားကစားသမားကောင်းများ ဖြစ်လာသည်အထိ ကြိုးစား လေ့ကျင့်ကြစေလို ကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် မကြာမီကာလအတွင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား(၄)ပေါက်တန်းနှင့် အခြေခံထိချက်(၆)ချက် ခြင်းလုံးခတ် ပြိုင်ပွဲအား ကျင်းပသွားမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ကာ အနိုင်ရရှိအောင် စွမ်းဆောင် ပေးကြစေ လိုကြောင်း ပြောကြားကာ သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး သင်တန်းသား/သူများမှ ရိုးရာ ခြင်းလုံး(၄)ပေါက်တန်း ဝိုင်းဖွဲ့အမှတ်ခတ် သရုပ်ပြသခြင်းနှင့် ဆီးဂိမ်းရွှေတံဆိပ်(၂)ဆုရှင် မတင်တင်လင်းတို့မှ ရိုးရာခြင်းလုံး သရုပ်ပြသခြင်း များ ပြသခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အခြေခံရိုးရာခြင်းလုံး အားကစားနည်းသင်တန်းကို တိုင်းဒေသကြီးအတွင်းရှိ လူငယ်/ လူရွယ်များ မိမိတို့ ရိုးရာယဉ်ကျေးမှု အားကစားနည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက် တတ်စေရန်၊ တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေ ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အောက်တိုဘာ လ(၂၉)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည် ။

နောက်ဆုံးရ သတင်း