မကွေး နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့နယ်၏ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး အထွက်နှုန်း စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းနှင့် တောင်သူတွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ထနောင်းတောကျေးရွာအုပ်စု၊ တောဘို့ကုန်းကျေးရွာ ကွင်းအမှတ်-၁၁၉၁ အိုင်းမ ဆည်ရေသောက် တောင်သူ ဦးစံမောင်၊ ဒေါ်ဝင်းတို့၏ မိုးစပါး(မနောသုခ၊ ဧရာမင်း) တစ်ကွင်း တစ်စပ်တည်း(၇၀)ဧက စိုက်ကွင်းတွင် ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးဝင်းရှိန်တို့ တက်ရောက် ကြည့်ရှုအားပေးကာ တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး မှာကြားဆောင် ရွက်ခဲ့သည်။
စံကွက်ရိတ်သိမ်းပွဲတွင် မိုးစပါး မနောသုခစပါးမျိုး အကွက်ကျယ်(၀.၅)ဧကအား စပါးရိတ် သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမှုအထွက်နှုန်း မှတ်တမ်းများအား စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးလင်းမြတ်၊ မင်းဘူးစကုမြို့နယ်ဦးစီးမှူး ဦးဇော်လင်းတို့က အသီးသီး ရှင်းလင်းတင်ပြ ခဲ့ကြပြီး၊ မိုးစပါးစံကွက် ၆.၆ ပေပတ်လည်(၃)ကွက် ကောင်း၊ သင့်၊ ညံ့ ရိတ်သိမ်းနေမှုနှင့် မင်းဘူး ခရိုင်အတွင်း မိုးစပါးမျိုးကွဲအလိုက် စိုက်ပျိုးပြီးစီးမှုအပေါ် အထွက်နှုန်းစံကွက်များ ရိတ်သိမ်းမည့် လုပ်ငန်းစဉ်များအား လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီမှူး ဦးကျော် ဝင်း ၊ မင်းဘူးခရိုင်ဦးစီးမှူး ဦးဇော်မင်းနိုင် တို့က ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ မင်းဘူးစကုမြို့နယ်ဒေသအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် အဓိကသီးနှံ များနှင့် အမယ်သစ်သီးနှံ ပန်းနှမ်း၊ ဆူးပန်း မျိုးစေ့ နမူနာများ၊ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင် မြို့နယ်အလိုက် စိုက်ပျိုးပညာပေးရေး လုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာနတို့မှ ရှင်းလင်း တင်ပြခဲ့ပြီး၊ မင်းဘူးစကုမြို့နယ်၏ လယ်ယာကဏ္ဍ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေတို့အား စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဆက်လက် ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များအပေါ် ဒေသရေမြေ သဘာဝနှင့် လျော်ညီစွာ နည်းစနစ်တကျ အမှန်တကယ်လက်တွေ့ လိုက်နာကျင့်သုံးခြင်းဖြင့် ပိုမိုတိုးတက်သည့် လယ်ယာကဏ္ဍ ဖော်ဆောင်နိုင်ရေး မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသည့် တောင်သူများက ပြောင်းလဲလာသော ရာသီဥတု နှင့်အညီ စိုက်ပျိုးရေ အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ပွေးကျစ်လက်တံတွင် စိုက်ပျိုးဧက(၁၈၆၀)နှင့် ရွာ(၉)ရွာ အတွက် အကျိုးရှိမည့် ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်သူနှင့် ဝယ်သူတို့ အကြား တည်ငြိမ်စျေးကွက် ဖြစ်ပေါ်နိုင်ရေး၊ လက်လုပ်တောင်သူများ၏ ငွေကြေးဆိုင်ရာ အရင်းအနှီး အကြပ်အတည်းများအတွက် အကူအညီများ စီမံခွင့်ပြုပေးနိုင်ရေး၊ ယူရီးယားမြေဩဇာ ဈေးနှုန်းကြီးမြင့် သောကြောင့် တောင်သူများ အခက်အခဲကြုံတွေ့ရမှု အခြေအနေများနှင့် စပါးရောင်းချရာတွင် တင်းချိန် မှန်ကန်စွာနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချလိုကြောင်း တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီး ချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ယူရီးယား မြေဩဇာထုတ်လုပ်မှု အခြေအနေများနှင့် အစိုးရဆည်တမံရေ အသုံးပြုထားရှိသည့် ရေခွန်များ ပေးဆောင်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် မင်းဘူးစကု မြို့နယ်၏ မိုးစပါး အထွက်နှုန်း အကွက်ကျယ် စံကွက်ရိတ်သိမ်း ထွက်ရှိမှုအရ မနောသုခ စပါးမျိုး တစ်ဧကလျှင် အစိုအထွက်(၁၁၃.၆၉)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။