စလင်း နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူကြီး ကျော်ကျော်လင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ လိုက်ပါ၍ နိုဝင်ဘာ ၂၄ ရက် ၊ ယနေ့ နံနက် ၉ နာရီက စလင်းမြို့မစည်ပင်သာယာဈေးသို့ ရောက်ရှိပြီး ဈေးအတွင်း ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ ဈေးအတွင်းအပြင် သန့်ရှင်းသာယာလှပရေး ၊ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများအဖွဲ့သည် စလင်းမြို့မစည်ပင်သာယာ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဈေးမီးလောင်မှုနှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြ ခဲ့ရာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအဖွဲ့က ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများတွင် သက်ဆိုင်ရာဌာန၏ ခွင့်ပြု ချက်မရှိပဲ လျှပ်စစ်မီးရယူသုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်မီးအားစနစ်တကျအသုံးပြုရေး၊ ဈေးအတွင်းထမင်းဟင်းများ ချက်ပြုတ် စားသောက်ခြင်းများမရှိစေရေး၊ ဈေးဝန်းကျင်လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေး ကြပ်မတ်ဆောင်ရွက်သွားရန် တို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် ဈေးဆိုင်ခန်းပေါင်း ၇၆၃ ခန်းရှိပြီး ယမန်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် စပယ်ရုံဈေးတန်းရှိ ဈေးဆိုင်ခန်း ၃၃ ခန်းနှင့် ရုံသစ်ဈေးတန်းရှိ ဈေးဆိုင်ခန်း ၈၈ ခန်း စုစုပေါင်းဈေးဆိုင်ခန်း ၁၂၁ ခန်း မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၇၈.၆၇ သိန်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။