မကွေး ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက် ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ် ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက် အမှာစကား ပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီသည် အမျိုးသမီးများ၏ လူမှု့ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအဆင့် ယန္တရား(National Mechanism)အဖြစ် လုပ်ငန်းများအား ရပ်တည်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအား ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အမျိုးသမီးအရေး တက်ကြွ စွာ လှုပ်ရှားနေသည့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ဝင်(၁၇)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ကျား/မရေးရာ တန်းတူ ညီမျှရေး နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြု လက်ခံလာရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ NGO၊ INGO များနှင့် လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန် ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်က တိုင်းဒေသကြီးအမျိုးသမီးကော်မတီ အနေဖြင့် အမျိုးသမီးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အမျိုး သမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး အမျိုး သမီးကော်မတီဝင်များက သင်ဆိုင်ရာလုပ်ငန်းများနှင့ ်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။