မကွေး ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ မိုးစပါ(ဧရာမင်း)ဧက(၁၀၀)အထူး ဇုန်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ အထူးဇုန်စံပြစိုက်ခင်း၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ၊ မိုးစပါး(ဧရာမင်း) ဧက (၁၀၀)အထူးဇုန်စံပြစိုက်ခင်း စိုက်ပျိုးဆောင်ရွက်မှု အခြေအနေနှင့် စံကွက်ရိတ်သိမ်း ဆောင်ရွက်နေမှု အခြေအနေများအား တောင်သူကြီးများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စပါးစိုက်တောင်သူကြီးများ တွေ့ဆုံဆွေးနွေး ဆောင်ရွက်ရာ မကွေးမြို့နယ်၏ လယ်ယာကဏ္ဍ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသည့် တောင်သူများက ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးရေ အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးဧကနှင့် ကျေးရွာအတွက် အကျိုးရှိမည့် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး၊ ယူရီးယားမြေဩဇာ ဈေးနှုန်း ကြီးမြင့်သောကြောင့် တောင်သူများ အခက်အခဲကြုံတွေ့ရမှု အခြေအနေများနှင့် မြေဩဇာရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန် ဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များအပေါ် ဒေသရေမြေ သဘာဝနှင့် လျော်ညီစွာ နည်းစနစ်တကျ အမှန်တကယ် လက်တွေ့ လိုက်နာ ကျင့်သုံးခြင်းဖြင့် ပိုမိုတိုးတက်သည့် လယ်ယာ ကဏ္ဍ ဖော်ဆောင်နိုင်ရေး မှာကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ယူရီးယား မြေဩဇာထုတ်လုပ် ဖြန့်ဖြူးမှု အခြေအနေများနှင့် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်ဒေသ၏ လယ်ယာ ကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကာ၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူတို့က တောင်သူများအား မျိုးစေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် မကွေး မြို့နယ်၏ ၂၀၂၁- ၂၀၂၂ ခုနှစ် မိုးစပါးအထွက်နှုန်း စံကွက်ရိတ်သိမ်း ထွက်ရှိမှုအရ ဧရာမင်း စပါးမျိုး တစ်ဧကလျှင် အစိုအထွက် (၉၉.၀၅)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။