ပခုက္ကူ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်သည် ဒီဇင်ဘာလ ၁၉ရက် မွန်းလွဲ ၂နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်များ၊ထိုစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်ထိရောက်မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရေးနှင့်ရုံးဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်းနှင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းတို့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပြီးစီးသည့် အခြေအနေများ၊လုပ်ငန်းများ အကောင်အထည်ဖော် လက်တွေ့ကွင်းဆင်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အားသာချက်၊အားနည်းချက်များအကြောင်းတို့ကို အသီးသီးရှင်းလင်းတင်ပြကြရာ ဝန်ကြီးက ပြန်လည်ဖြေရှင်းညွှန်ကြားခဲ့သည်။
ထို့နောက် ဝန်ကြီးက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ခရိုင်၊မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် သက်ဆိုင်ရာတိုက်နယ်မှူးများအား ပန်းခင်းစီမံချက်လုပ်ငန်းတာဝန်များကို တစ်ဦးချင်း ပေးအပ်ခဲ့ကြောင်းသိရသည်။