မကွေး ဒီဇင်ဘာ ၂၄
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း (ပွင့်ဖြူ)၌ ဆောင်ရွက်သည့် စိုက်ပျိုးရေးသိပ္ပံကျောင်း အမျိုးသား(RC) (၂) ထပ်အိပ်ဆောင်သစ် ပေးအပ်ပွဲသို့ တက်ရောက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က မင်္ဂလာအချိန်တွင် အမျိုးသား(RC) (၂) ထပ်အိပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဆောင်အတွင်း လှည်လည်ကြည်ရှုစစ်ဆေးသည်။
ဆက်လက်၍ အမျိုးသား(RC)(၂)ထပ်အိပ်ဆောင်သစ် ပေးအပ်ပွဲ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခ ဖြစ်သလို မကွေးတိုင်းဒေသကြီးဟာလည်း စိုက်ပျိုးရေးကိုအခြေခံတဲ့ ဆီထွက်သီးနှံအများဆုံး စိုက်ပျိုး ထုတ်လုပ်ရာ တိုင်းဒေသကြီိးတစ်ခုလည်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ ကြောရိုးသဖွယ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သလို စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးတဲ့ စိုက်ပျိုး ရေးသိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း အဓိကလုပ်ငန်းတာဝန်ကြီးတစ်ရပ် ဖြစ်ပါကြောင်း၊ ဒါကြောင့် မကွေးတိုင်းဒေသကြီး၏ တစ်ခုတည်းသော စိုက်ပျိုးရေး မွေးမြူရေး ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ခဲ့တဲ့ ပွင့်ဖြူစိုက်ပျိုးရေးသိပ္ပံကို ပိုမို၍ ဆထက်ထမ်းပိုး တိုးမြှင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်သိပ္ပံ ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီးမှ စိုက်ပျိုးရေးသိပ္ပံ၏ ဆောင်ရွက်ချက်များနှင့် ကျောင်းသားအိပ်ဆောင်သစ် ဆောက်လုပ်မှု အခြေအနေ များအား ရှင်းလင်းတင်ပြကာ ဆောက်လုပ်ရေးကုမ္ပဏီမှ အဆောက်အဦနှင့် စာရွက်စာတမ်းများအား ကျောင်းအုပ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့သို့ ပြန်လည်ရောက်ရှိပြီး ဖန်ခါးမြေဘိုးဘွားရိပ်သာမှ အဘိုး အဘွား(၂၅)ဦးအား ခြည်ထည်ခြုံစောင်များ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။