မကွေး ဒီဇင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင် အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း(၇/၂၀၂၀)မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက် ယနေ့နံနက် ၉ နာရီက ပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းတက်ရောက်မည့် သင်တန်းသား/သူ ဆရာ/ဆရာမလောင်းများသည်(၂၂.၂. ၂၀၂၀)ရက်နေ့က ဝင်ခွင့်စာမေးပွဲများ ဖြေဆိုအောင်မြင်ထားသူများဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကျောင်းများပိတ်ထားခဲ့ရသဖြင့် ယခုမှသာ သင်တန်းများအား ပြန်လည်ဖွင့်လှစ်ရသည်ကို သိရှိရကြောင်း၊ သင်တန်းသား/သူများ အားလုံး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပြီးစီးဖြစ်သော်လည်း သင်တန်းပြီးဆုံးသည်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက် စီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆရာ/ဆရာမတို့သည် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာ(၃)နာကို အရင်းပြု၍ အသက်မွေး ဝမ်းကျောင်းမှု စင်ကြယ်မွန်မြတ် လှသူများဖြစ်ကာ နိုင်ငံတော်အတွက် လိုအပ်နေသော အသိပညာရှင်၊ အတတ်ပညာရှင်များအား တက္ကသိုလ်အသီးသီးမှ နှစ်စဉ် မွေးထုတ်ပေးနေသကဲ့သို့ ပညာရေးဒီဂရီ ကောလိပ်များမှလည်း လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ဆရာ/ဆရာမများအား နှစ်စဉ် မွေးထုတ်လျက်ရှိကြောင်း၊ (၂၁)ရာစု ပညာခေတ်၏ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရည်အသွေးကောင်း မွန်သည့် ပညာရေးကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် အရည်အသွေးကောင်းမွန်သော ဆရာကောင်း များ အမှန်ပင် လိုအပ်လျက်ရှိသည့်အပြင် နိုင်ငံတွင် ပညာတတ်ရှားပါးပြီး အတတ်ပညာကျွမ်းကျင်သူ နည်းပါးပါက နိုင်ငံဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရာမှာ လွန်စွာခက်ခဲမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာတားဆီးကန့်သတ်မှုများ မဖြစ်မနေ ပြုလုပ်ရခြင်းနှင့် အတူ စာသင် ကျောင်းများ ပိတ်ထားရသည့်အတွက် ကျောင်းသား/သူများအတွက် လွန်စွာနစ်နာကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရ အနေဖြင့် နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် လိုက်သဖြင့် ကျောင်းသား/သူများ ပညာများ ပြန်လည်သင်ကြားနိုင်ပြီ ဖြစ်သည့်အတွက် ပညာပန်း ကလေးများ ပြန်လည် စိုပြည်လန်းဆန်း လာကြပြီဖြစ်ကြောင်း၊ ယခုဆရာအတတ်ပညာသင်တန်းသို့ တက်ရောက်ကြမည် ဆရာ/ဆရာမများအနေဖြင့် နိုင်ငံတော် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး”အတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးက သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြခြင်းနှင့် မောင်မယ်သစ်လွင် ဆရာ/ဆရာမလောင်းများအား ကြိုဆို နှုတ်ဆက် စကားပြောကြားပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာ/ဆရာမများနှင့် သင်တန်းသား/ သူများအတွက် နှာခေါင်းစည်း(Mask)၊ Hand Gelများနှင့် ငွေကျပ်(၁၀)သိန်းအား ထောက်ပံ့ပေးအပ် ခဲ့သည်။
ဆက်လက်ပြီး မကွေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများက “ပန်းတိုင်းပွင့်ရာ တို့ကျောင်းသား” တေးသီချင်းနှင့် “မကွေးတိုင်းမှ ဖိတ်ခေါ်သံ” အကတို့ဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြောင်းနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းကို(၁၅.၁၂.၂၀၂၁) ရက်နေ့မှ စတင်၍(၄.၃.၂၀၂၂)ရက်နေ့အထိ သင်တန်းသား/သူ (၄၄၂)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။