မကွေး ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားများ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန် လာစေရေးတို့အတွက် ကဏ္ဍစုံတွင် ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတိုးတက် ရရှိရေးအတွက် တက်နိုင်သမျှ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံအတွင်း ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ တိုးတက်များပြား လာခြင်းနှင့်အတူ နိုင်ငံသားများ၏ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများလည်း စီးပွားရေး ကွင်းဆက်အလိုက် ကျွဲကူး ရေပါ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် လုပ်သားအင်အား ပေါများပြီး၊ တစ်နှစ်ပတ်လုံး နေရောင်ခြည်ကောင်းစွာရရှိကာ ဧရာဝတီမြစ် ကြောင်းကိုလည်း သယ်ယူပို့ဆောင်ရေး တွင် ကောင်းစွာအသုံးချနိုင်ပါကြောင်း၊ ဆီထွက်သီးနှံနှင့် စားသောက် ကုန်သီးနှံများ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးများလည်း ပေါများစွာ ထွက်ရှိကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းအစဉ် အလာကြီးသော အထင်ကရ နေရာများလည်းရှိကြောင်း၊ ၎င်းတို့မှာ တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံတွင်ရင်းနှီးမြှုပ်နှံနိုင်သည့် အားသာချက်များပင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ရန်အတွက် လုပ်ငန်းရှင် များအနေနှင့် တိုင်းဒေသကြီး၏ တည်ရှိနေသော အခွင့်အလမ်းများကို တိုးတက် နေသည့် ခေတ်နှင့် လျော်ညီစွာ နိုင်ငံတကာအဆင့်ရှိ လုပ်ပုံလုပ်နည်း နည်းစနစ်များ၊ အရည်အသွေး ပြည့်မီသော ကုန်ထုတ်စနစ်များ၊ တန်ဖိုးမြှင့် ထုတ်ကုန်များ၊ ခေတ်မီ ဝန်ဆောင်မှုစနစ်များအဖြစ် ဖြစ်ပေါ်တိုးတက် ပြောင်းလဲကျင့်သုံးလာနိုင်စေရေး ကြိုးစားလုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြိုင်ဆိုင်မှု များသည့် မျက်မှောက်ခေတ်တွင် မိမိတို့၏ ဒေသခံ လုပ်ငန်းရှင်များ အနေဖြင့် ကြံ့ကြံ့ခံ အောင်ပွဲ ဆင်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု၏ တည်ဆောက်မှု/ ပြင်ဆင်မှုကာလ ထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကော်မတီအဖွဲ့ဝင် များက ဆွေးနွေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင် များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မကွေးမြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။