မကွေး ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးခရိုင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲ ပွဲစဉ်များကို လွတ်လပ်ရေးနေ့တွင် ကျင်းပရာ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားကော်မတီဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ လှည့်လည်ကြည့်ရှု အားပေး သည်။
ဆက်လက်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသားပိုက်ကျော်ခြင်း၊ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီး ထုတ်ဆီးထိုး ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အသင်းများအား ဆုကလပ်နှင့် ငွေသားဆုများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစား ကော်မတီဝင် များမှ ဆုမျာ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၄ ရက်နေ့ ည ၇ နာရီအချိန်တွင် မကွေးမြို့ ကမ်းနားလမ်းတွင် မကြာမီဖွင့်လှစ်ဆောင်ရွက်မည့် WE LOVE MAGWAY ညစျေး၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ရွှင်ဖွယ်ရာ မီရှုးမီးပန်းအလုံး(၅၀၀)ကျော် ပစ်ဖောက်ခဲ့ကြောင်း သိရသည်။