မကွေး ဇန်နဝါရီ ၉
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အလှပြယာဉ် များနှင့် ဖျော်ဖြရေးယာဉ်များ ပြသနိုင်ရေး(တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက် ယနေ့မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက် အမှာစကား ပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ယခုနှစ်တွင် ကျရောက်မည့် (၇၅)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားသည် မိမိတို့မြန်မာနိုင်ငံအတွက် တိုင်းရင်းသားများ အားလုံး၏ စည်းလုံးမှုကိုဖော်ပြသော နေ့ထူးနေ့မြတ် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရမှ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအား တိုင်းဒေသကြီး/ ပြည်နယ်များ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများသာမက ဒေသတွင်း ထွက်ကုန် များဖြင့် ခမ်းနားစွာ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် အလှပြယာဉ် များနှင့် ဖျော်ဖြေရေးယာဉ်များ ပြသရာတွင် မိမိတို့တိုင်းဒေသကြီး အတွင်းရှိ လူမျိုးများ၏ နေထိုင်မှု ဓလေ့များနှင့်ဒေသတွင်းထွက်ကုန်များအား ပြသသွားမည်ဖြစ်ရာ အောင်မြင်စွာ ပြသနိုင်ရေး အတွက် ကော်မတီဝင်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့် ကော်မတီဝင် များမှ မိမိတို့ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက် လုပ်ဆောင်ရမည့် အစီအစဉ်များ၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံ ရသော အခက်အခဲ့များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။