မကွေး ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးတရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန် အမှာစကား ပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့တိုင်းဒေသကြီးအတွင်း အမှုများအား စစ်ဆေးစီရင်ဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက် ကြရမည်ဖြစ်ပြီး အမှုများအား ဥပဒေနည်းလမ်းများနှင့်အညီ မှန်မှန်နှင့်မြန်မြန် တရားစီရင်နိုင်ရေး အတွက် နည်းလမ်းများ ရှာဖွေကာ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ဝိုင်းဝန်း အကြံပြုကြစေလိုကြောင်း၊ တရားဥပဒေသည် လူ့ဘောင်လောက တရားမျှတမှုရှိပြီး ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက် ပြဌာန်းထားသော စည်းကမ်းများဖြစ်သဖြင့် အုပ်ချုပ်သူနှင့် ပြဌာန်းသူများပါ အပြန်အလှန် ထိန်းကျောင်းစောင့်ထိန်းခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စစ်ဆေးဆောင်ရွက်နေသည့် အမှုများအား အမြန်ပြီးပြတ်နိုင်ရေး အတွက် တရားစီရင်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး (၂)ပတ် တစ်ကြိမ် ညှိနှိုင်းဆောင်ရွက် နေသည်ကို သိရှိရကြောင်း၊ အမှုများစစ်ဆေးရာတွင် တရားခံရုံးရှေ့ ရောက်ရှိရန်လိုအပ်ပြီး သက်သေများ ရုံးရှေ့လာရောက်သည့်ကိစ္စတွင်လည်း ဌာနဆိုင်ရာသက်သေများ၊ ရဲတပ်ဖွဲ့ဝင် သက်သေများနှင့် ရုံးရှေ့ခေါ်ယူ၍ မရသော ရပ်ဝေးရောက်ရှိနေသည့် သက်သေများစသည့် အခက်အခဲများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း ပေါင်းစပ်ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်အနေဖြင့်လည်း မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများ၏ အမှုပြီးပြတ်မှု အခြေအနေကို မျက်ခြည်မပြတ် ကြည့်ရှုကာ သတိပေးလမ်းညွှန်ခြင်းများ ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ အမှုများ မှန်မှန်နှင့်မြန်မြန် တရားစီရင်ဆုံးဖြတ်နိုင်ရေး အတွက် သမရိုးကျနည်းလမ်းဟောင်းများဖြင့် ဆောင်ရွက်နေမည့်အစား တည်ဆဲဥပဒေ ညွှန်ကြားချက်များနှင့် အညီ တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသူရသွင်ကိုကို တို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝင်းရှိန်က တိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာများအား ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား Power Pointဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများဖြစ်ကြသည့် ဦးမြင့်သိန်း၊ ဒေါ်မိမိမော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးသောင်းထွေး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဝင်းနိုင်တို့က တရားစီးရင်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်စိုး၊ ခရိုင်တရားသူကြီးများနှင့်ခရိုင်ဥပဒေအရာရှိများမှ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။