မကွေး ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၂၀ ရက် ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး)ရှိ မိုးလုံ လေလုံအားကစားခန်းမနှင့် ပင်မဆောင်ရှေ့ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ရှိန်၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ဆန်း တို့က ပင်မဆောင်ရှေ့ ကွန်ကရစ်လမ်းနှင့် မိုးလုံလေလုံ အားကစားခန်းမတို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ သည်။
အခမ်းအနား ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ခေတ်ရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေပါဝင်နေတာဖြစ်ကြောင်း၊ လူသား အရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ပညာရေးကို အားပေးဆောင်ရွက်နေသလို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန အနေဖြင့်လည်း နိုင်ငံတော်၏ လူမှု စီးပွားရေးကို အထောက်အကူ ပြူရန်အတွက် လိုအပ်လျက်ရှိတဲ့ လူစွမ်းအား အရင်းအမြစ်များ အင်ဂျင်နီယာ အတတ်ပညာရှင်များ ကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးရန် ကြိုးပန်းဆောင်ရွက် လျက်ရှိတာ တွေ့ရကြောင်း၊ နည်းပညာတက္ကသိုလ်တွေဟာ အင်ဂျင်နီယာတွေ မွေးထုတ်ပေးရာ ဌာနဖြစ်တဲ့အလျှောက် အင်ဂျင်နီယာပညာရပ်တွေနဲ့ ပြည့်ဝတဲ့အပြင် ကျန်းမာကြံံံံ့ခိုင်၊ ကာယ၊ ဗလ၊ ခွန်အားတွေနဲ့ ပြည့်ဝသော စည်းကမ်းပြည့်ဝပြီး အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်တတ်သော၊ ဒေသအကျိုး၊နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော အင်ဂျင်နီယာတွေ မွေးထုတ်ပေးတဲ့ နေရာမှာ အခုလို မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ပေးတာဟာ များစွာ အထောက်အကူ ပြုစေမှာဖြစ်ပါ ကြောင်း၊ အခုလို နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကြောင့် ပညာရေးရပ်တန့်မနေဘဲ ပညာ သင်ယူမှု အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့ Education 4.0 နဲ့အညီ ဆောင်ရွက်နိုင်ဖို့ တက္ကသိုလ် အနေနဲ့ ဒေသအတွက်လိုအပ်သော သင်ခန်းစာတွေ ပို့ချနိုင်ဖို့ လိုအပ်တာတွေ ပြင်ဆင်ဆောင်ရွက် ကြဖို့ မှာကြားလိုကြောင်း၊ ဒါမှသာ ဆရာ ဆရာမတို့ကလည်း မိမိတို့ ရရှိတဲ့ အခွင့်အလမ်းကို ကောင်းစွာ အသုံးပြုပြီိး Education 4.0 နဲ့အညီ သင်ကြား၊သင်ယူမှုတွေ ဆောင်ရွက်ကြဖို့နဲ့ ကျောင်းသား ကျောင်းသူများကလည်း မိမိတို့ အခွင့်အလမ်းတွေကို အဆုံးရှုံးမခံဘဲ ပညာတွေ ဆက်လက်သင်ယူကြဖို့ တိုက်တွန်းအပ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက နည်းပညာတက္ကသိုလ်(မကွေး)ရှိ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တည်ဆောက်ရေး ကုမ္ပဏီများမှ လုပ်ငန်းလွှဲပြောင်းပေးအပ်ကာ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ခြင်းလုပ်ငန်း အောင်မြင်ခြင်း အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ယင်းနောက် နည်းပညာတက္ကသိုလ်(မကွေး)ရှိ စာပေနှင့်အနုပညာအသင်းမှ ဆရာ/ ဆရာမများ က ထာဝရသစ္စာ၊ လက်ပံပွင့်ကောက် တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကာ တက်ရောက် လာကြသူများအား နေ့လယ်စာဖြင့် တည်းခင်းဧည့်ခံခဲ့ကြောင်း သိရသည်။