ပခုက္ကူ ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းတွင် ပခုက္ကူမြို့သို့ ရောက်ရှိပြီး ပခုက္ကူ တက္ကသိုလ် ပင်မမုခ်ဦးဖွင့်ပွဲနှင့် ကတ္တရာလမ်းအသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းခင်တို့နှင့်အတူ ပခုက္ကူတက္ကသိုလ်သို့ ရောက်ရှိကာ တက္ကသိုလ်ကျောင်းပင်မမုခ်ဦးအား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးပြီး မုခ်ဦးဆိုင်းဘုတ်အား အောင်သပြေပန်းဖြင့် အမွှေးနံ့သာရည် ပက်ဖြန်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်ကျောင်းဝန်းအတွင်း လူဦးရေ(၁၆၀)ဆံ့ အောင်ဇဗ္ဗူကျောင်းသား အိပ်ဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းသားအိပ်ဆောင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေး သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ် လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့်(၂၁)နှစ်ပြည့် ပခုက္ကူတက္ကသိုလ် နှစ်ပတ်လည် အထိမ်း အမှတ် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားပြီး၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဆရာ ဆရာမများ ရင်းနှီးစွာတွေ့ဆုံအားပေးစကား ပြောကြားသည်။