မကွေး ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ ၂၇ ရက် ယနေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးအတွက် နိုင်ငံတော် အစိုးရအနေနဲ့ ကဏ္ဍစုံမှာ ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိရေးကို အထူးအလေးထားကာ ဆောင် ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံရန် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ သူများကို မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် မိမိတို့ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာခြင်းနှင့် အတူ တိုင်းအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ် စားစီးပွားရေးလုပ်ငန်းများသည်လည်း စီးပွားရေးကွင်းဆက်အလိုက် ကျွဲကူးရေပါ တိုးတက် လာကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး နှင့် စီးပွားရေးဝန်းကျင်ကောင်း ဖြစ်စေရေးတို့ကို ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံ များကပေးသည့် ဆွဲဆောင်မှုများအတိုင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီး အနေဖြင့် မကွေးတိုင်းဒေသကြီးကို စိတ်ပါဝင်စားပြီး လာရောက်လုပ်ကိုင်လို သည့် ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို သတ်မှတ်ပြဌာန်းထားသည့် ဥပဒေများနှင့်အညီ တိုင်းဒေသကြီးအတွင်း လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာဌာနများ အနေဖြင့် အလေးထား အားပေးကူညီ ကြရန်လည်း မှာကြားလိုကြောင်း၊ လက်ရှိနှင့် အနာဂတ် ကာလတွင် မကွေးတိုင်း ဒေသကြီး ပိုမိုဖွံ့ဖြိုးတိုးတက်ရန် မိမိတို့တိုင်းဒေသကြီးအတွင်း စီးပွားရေး လုပ်ငန်းများ လွယ်ကူချော မွေ့စွာဖြင့် အများအပြား ထူထောင်လာနိုင်ပြီး ခိုင်မာကြီးထွားတောင့်တင်း စေရန်အတွက် မကွေး တိုင်းသည် စီးပွားရေးရေခံမြေခံ ကောင်းတစ်ခုဖြစ်လာစေဖို့ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မကွေးတိုင်းသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေး ဝန်းကျင်ကောင်း တစ်ခုဖြစ်လာစေဖို့ သက်ဆိုင်ရာဌာနများက လိုက်ပါပူးပေါင်းဆောင်ရွက်ကြရန် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခု၏ အစုရှယ်ယာလွှဲပြောင်း ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင် များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။