မကွေး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်က မကွေးမြို့ ကမ်းနားလမ်း ညောင်ကိုးပင်ဆိပ်၌ ဧရာဝတီမြစ်အတွင်း ငါးသား ပေါက်များ စိုက်ထည့်ခြင်း ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်၍ ငါးသားပေါက်များ စိုက်ထည့်ခဲ့သည်။
အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်တို့က ဧရာဝတီ မြစ်အတွင်း ငါးသားပေါက်များအား စိုက်ထည့်ခဲ့ပြီး၊ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက ဆက်လက်၍ ငါးသား ပေါက်များ စိုက်ထည့်ခဲ့ကြသည်။
အဆိုပါ ငါးသားပေါက်များ စိုက်ထည့်ပွဲအခမ်းအနားကို ငါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ငါးသယံဇာတများ ပေါများလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမြစ် ချင်းသားပေါက်ကောင်ရေ(၂)သိန်းခွဲ၊ ငါးခုံးမ သားပေါက်ကောင်ရေ(၅)သောင်း စုစုပေါင်း ငါးသားပေါက် ကောင်ရေ(၃)သိန်းအား စိုက်ထည့်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ငါးသားပေါက်များအား ပွင့်ဖြူငါးလုပ်ငန်းစခန်း နှင့် တောင်တွင်းကြီး ငါးလုပ်ငန်းစခန်းတို့မှ မျိုးငါးသားပေါက်များ သားဖောက် ထုတ်လုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတထိန်းသိန်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီမှုမဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ်တည်ရှိစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား တိုင်းဒေသကြီး အတွင်း ခရိုင်၊မြို့နယ်များရှိ ဧရာဝတီမြစ် ချောင်းနှင့်ဆည်တမံများအတွင်းသို့ ငါးမျိုးများ စိုက်ထည့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။