မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနား ကျင်းပ

မကွေး ဖေဖော်ဝါရီ ၂၄

          မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်း အနားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်က မကွေးမြို့၊ အောင်မြေရတနာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး သဘာပတိဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဘဒ္ဒန္တဥတ္တရ(အဂ္ဂမဟာ ပဏ္ဍိတ)မှ အဖွင့်ဩဝါဒစကား မွတ်ကြားခဲ့ပြီး အခမ်းအနားမှူးဆရာတော် ဘဒ္ဒန္တပဏ္ဍိတသာရမှ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းဆိုင်ရာများအား ရှင်းလင်းလျှောက်ထားသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က သာသနာရေးရာများ လျှောက်ထားကာ၊ တိုင်းဒေသကြီးသာသနာရေးမှူး ဦးသန်းစိုးက တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းနှင့်ပတ်သက်သည့် ဒေသဆိုင်ရာ ကတိကဝတ် များအား အသိပေးလျှောက်ထားခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကမှ အနားယူသွားသည့် ဆရာတော် ကြီး(၆)ပါးစာရင်းအား ဖတ်ကြားတင်သွင်းခဲ့သည်။

          ဆက်လက်ပြီး စလင်းမြို့ မဟာသုခိတ ရာမတိုက် ဆရာတော် ဘဒ္ဒန္တကုမာရက တိုင်းဒေသကြီး သံဃနာယကနှင့် ဥက္ကဌ ဆရာတော် နေရာ လစ်လပ်နေရာများ အစားထိုးရွေးချယ်နိုင်ရေး အဆို တင်သွင်းခဲ့ပြီး သဘာပတိ ဆရာတော်မှ အစားထိုးရွေးချယ်ခံရသည့် ဆရာတော်(၆)ပါး၏ ဘွဲ့ အမည်စာရင်း ကြေငြာကာ သာဓုသုံးကြိမ် ရွတ်ဆို၍ သံဃာ့ဆန္ဒရယူအတည်ပြု ရယူခဲ့သည်။

          ယင်းနောက် သဘာပတိဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ)က နိဂုံးချုပ်ဩဝါဒစကားမွတ်ကြားကာ ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

          မကွေးတိုင်းဒေဿကြီးသံဃနာယကအဖွဲ့ ဥက္ကဌ အနေဖြင့် မကွေးမြို့ အောင်မြေရတနာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမန နှင့် ဒု ဥက္ကဌ အဖြစ် ပခုက္ကူမြို့ မဟာဝိဇယာရာမ(အရှေ့တိုက်) ဆရာတော် ဘဒ္ဒန္တဇောတိက တို့အား ရွေးချယ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း