မင်းဘူး ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် စကုမြို့ အ.ထ.ကကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားဦးရေးပေါင်း (၂၀၀၀၀)ခန့် ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကျောင်သား/ကျောင်းသူများအနေဖြင့် ပညာသင်ကြားရာတွင် စည်းကမ်းရှိစွာ စနစ်တကျ ပညာသင်ကြားပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ ဇွဲ၊ လုံးလ၊ ဝီရိယတို့ဖြင့် ကြိုးစားကြစေလိုကြောင်း၊ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသည့် ဆိုရိုးစကားနှင့်အညီ လူငယ်လူကောင်းပီသစွာ စာကိုကြိုးစားသင်ယူနိုင်မှ နောင်တစ်ချိန် ပညာထူးချွန်တတ်မြောက်သူများဖြစ်ပြီး အနာဂါတ်တိုင်းပြည် အတွက် အားကိုးအားထားရသော လူကြီးလူကောင်း၊ လူတော်လူကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ယနေ့ခတ် လူငယ်ကျောင်းသားများအနေဖြင့် FacebooK ၊ Tik Tok၊ Viber စသည့် Online စာမျက်နှာများတွင် အချိန်ကုန်မခံဘဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဆိုမီ အချိန်ကာလအတွင်း စာကိုတစ်ဆိုက် မတ်မတ်ကြိုးစားသင်ယူကြစေလိုကြောင်း၊ ထိုမှသာ ထူးချွန်တတ်မြောက်စွာအောင်မြင်ပြီး မိမိတို့မျှော် မှန်းထားသော ရည်မှန်းချက်ပန်းတိုင်သို့ အရောက်တက်လှမ်းနိုင်မည်ဖြစ်ကြောင်း စသဖြင့် မှာကြားသည်။
ထို့နောက် လူမှုရေးရာဝန်ကြီးက စကုမြို့ အ.ထ.က ကျောင်းဝင်းအတွင်း လေးခန်းတွဲနှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က မင်းဘူးခရိုင်ပြည်သူ့ ဆေးရုံသို့သွားရောက်၍ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ဆေးရုံတာဝန်ရှိသူများက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ထားရှိမှုများ၊ ဆေးရုံအတွင်း အောက်စီဂျင်စက်ရုံအသစ် ထပ်မံဆောက်လုပ်သွားမည့်အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ထားရှိမှု၊ လူနာများအတွက် နေ့စဉ် အောက်စီဂျင်သုံးစွဲမှု၊ လိုအပ်မှုများနှင့် ကိုဗစ်အတည်ပြုလူနားများ ကုသဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းတင်ပြမှုအပေါ် လူမှုရေးရာဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွင်း လူနားများကုသပေးနေမှုနှင့် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထား ရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။