မကွေး ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက် ယနေ့ မွန်းလွဲပိုင်းက ကျင်းပရာမကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က Zoom Meeting ဖြင့်တက်ရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အစည်းအဝေးကို တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ကဏ္ဍစုံတွင် ရေရှည်တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးမှုများရရှိနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မကွေးတိုင်း ဒေသကြီးတွင် လုပ်ငန်းအသစ်များ ဆောင်ရွက်လာစေရန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနှင့် Investment After Care Services တို့ကို ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Investment After Care Services ကောင်းသည်နှင့်အမျှ လုပ်ငန်းရှင်များလုပ်ငန်း ဆောင်ရွက် ရာတွင် အခက်အခဲ လျော့နည်း၍ ပိုမိုအဆင်ပြေချောမွေ့ လာမည်ဖြစ်ပါကြောင်း၊ အဆင်ပြေချောမွေ့ သည်နှင့်အမျှ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ ဆောင်ရွက်လာကြမည်ဖြစ်ပြီး ၎င်းတို့နှင့်ဆက်စပ်သည့် Partner အပေါင်းအဖော် လုပ်ငန်းရှင်များကိုလည်း ကောင်းသတင်းပေးကြမှာဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်နှင့် စက်မှုကဏ္ဍတို့ ဖွံ့ဖြိုးရေးတွင် အလားအလာကောင်းများရှိနေကြောင်း၊ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ မကွေးတိုင်းအတွင်းလာရောက် ရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းများ လွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက် သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို စိတ်စေတနာ အပြည့်ဖြင့် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးခြင်းအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းများအပေါ် အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့သည်။
မကွေတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင် များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။